(၁)
စာဖတ်အလေ့ဆိုတာက စာအုပ်စာတမ်းတွေကို အခိုက်အခါအလျောက် ကောက်ကိုင်ဖတ်ရှုတဲ့ အလေ့အထ ဖြစ်ပါတယ်။ စာဖတ်ဝါသနာဆိုတာကတော့ စာအုပ်စာတမ်းတွေကို နှစ်လိုနှစ်ခြိုက်ဖတ်ရှုတဲ့ အစွဲအလမ်း ဖြစ်ပါတယ်။ စာဖတ်အကျင့်ဆိုတာကတော့ စာအုပ်စာတမ်းတွေကို အစဉ်တစိုက် အရူးအမူး ဆည်းပူးတဲ့အကျင့် ဖြစ်ပါတယ်။
စာဖတ်သူတိုင်း စာဖတ်အလေ့၊ စာဖတ်ဝါသနာ၊ စာဖတ်အကျင့်ကို မရနိုင်ပါဘူး။ စာဖတ်ချင်စိတ်တွေကို စေ့ဆော်နိုင်တဲ့ ပုံပြင် ဒဏ္ဍာရီတွေထဲမှာ စွဲလမ်းမှုလည်း ရှိဦးမှ၊ စာအုပ်လည်းရှိဦးမှ၊ စာအုပ်နဲ့လည်း ရေစက်ဆုံဦးမှ၊ ဗဟုသုတရှာချင်တဲ့စိတ်ဓာတ်အခံကလည်း ရှိဦးမှ ဖြစ်နိုင်ပါတယ်။