ခေတ်ဝန် (၁၃)

ခင်ဗျားဒီလောက် သတင်းစာ ၀ါသနာပါနေရင်၊ ဒီလောက်သတင်းစာပိုး ထနေရင်၊ လူထုမှာလုပ်ပါလားဆိုတဲ့ အဲဒီလို ကျွန်တော့်ကိုပြောတဲ့လူတွေ ပေါ်လာတယ်ပေါ့ဗျာ။ အဲဒီအချိန်မှာ ကျွန်တော့်ကို နောက်ဆုံးဆက်သွယ်ပေးတဲ့ သူကတော့ နော် ဆရာဦးတင်အေး။ အလွန်ကျော်ကြားတဲ့ စာပေပညာရှင်၊ နောက် ပင်လုံစာချုပ်ကို လက်မှတ်ထိုးခဲ့တဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်ဗျာ။ ဦးတင်အေးက အဲဒီအချိန်မှာ တက္ကသိုလ် ဘာသာပြန်ဌာနမှာ ဆရာမင်းသုဝဏ်ရဲ့အောက်မှာ ဒုတိယ တာဝန်ခံအရာရှိအနေနဲ့ လုပ်ကိုင်နေတဲ့အချိန်ဗျ။ သူက စာတွေရေးပေးတယ်၊ မန္တလေးကိုသွားပါ။ လူထုသတင်းစာတိုက်မှာ ဆိုတော့၊ ကျွန်တော်က မန္တလေးကို သွားတယ်ဗျ။ ကျွန်တော် ရထားနဲ့သွားတာကိုးဗျ။ ရထားနဲ့သွား ဆောင်းတွင်းကြီးဗျာ။

ခေတ်ဝန် (၁၂)

AFP ဆိုတာ ကျော်ကြားတဲ့၊ ထင်ရှားတဲ့ ပြင်သစ်သတင်းဌာနပဲဗျနော်။ Reuter ဆိုတာ အင်္ဂလိပ်၊ AP နဲ့ UPI က အမေရိကန်သတင်းဌာန စသည်ပေါ့ဗျာ၊ အဲဒီလိုရှိသလိုပဲ AFP ကလည်း ပြင်သစ်သတင်းဌာနပေါ့ဗျာ။ အဲဒီသတင်းဌာနကလည်း ကျွန်တော် အဲဒီအချိန်တုန်းကတော့ ခပ်ချာချာပါဗျာ။ ခပ်ချာချာဆိုတာ စက်မှုနည်းပညာတွေအရ ခပ်ချာချာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တယ်လီပရင်တာတောင် မရှိသေးဘူးဗျ။ ကျွန်တော်တို့ ဘာနဲ့လုပ်ရဆဲလိုတော့ မော့စ်ကုတ် (Morse Code) လို့ခေါ်တဲ့ ဒီ တီတီတီတီဆိုတဲ့ ဒီမော့စ်ကုတ်နဲ့ ကျွန်တော်တို့ လုပ်ရတယ်ဗျ။ အဲဒါတွေကို၊ မော့စ်ကုတ်တွေကို ဖမ်းတဲ့လူတွေက ဘယ်သူတွေလဲဆိုလို့ရှိရင် ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံးက အလုပ်သမားတွေပေါ့ဗျာ။ ဒီ မော့စ်ကုတ် ဖမ်းတတ်တဲ့လူတွေပေါ့။ Wireless Operator ခေါ်တာပေါ့ဗျာ။

ခေတ်ဝန် (၁၁)

ဟိုကစာဒီကစာ၊ အင်္ဂလိပ်စာတွေစုပြီးတော့ ဗမာလိုပြန်ရေးရတယ်ပေါ့ဗျာ။ အဲဒါတွေကိုမှ ကျွန်တော်က အယ်ဒီတာဆီတင်ပြ၊ အယ်ဒီတာကမှ အယ်ဒီတာချုပ်ဆီတင်ပြပြီးတော့ စာအုပ်ဖြစ်ဖြစ်ဘာဖြစ်ဖြစ် ထုတ်တယ်ပေါ့ဗျာ စသည်ပေါ့။ စာကိုပြုပေးတဲ့သူ၊ စာပြုအရာရှိခေါ်တယ်။ ကိုကျော်တင့်ကနေပြီးတော့ အဲဒါတွေခေါ်နေတယ်ဗျတဲ့ နော်၊ ခင်ဗျားလျှောက်ပါလားတဲ့။ ဆိုတော့ ကျွန်တော်ကလည်း ဘာမှလည်း လုပ်စရာလည်းမရှိဘူး၊ နောက်ပြီးတော့ စာပေပိုးလေးကလည်း နည်းနည်းဝင်နေပြီဗျ။ ကျောင်းကတော့ တက်နေတာပဲပေါ့ဗျာ ဟုတ်လား၊ ဥပစာတန်းလည်း ကျွန်တော် အောင်ပြီးပြီ။ ကျောင်းမှာလည်း နေတုန်းပဲ။

ခေတ်ဝန် (၁၀)

ရန်ကုန်တက္ကသိုလ်တက်နေစဉ်မှာပဲ သတင်းစာလောကကို ဦးဝင်းတင် စတင်ခြေချခွင့် ရခဲ့ပါတယ်။

အဲဒီအချိန်တုန်းက စာအုပ်စာတမ်းလေးတွေကလည်း ထွက်နေတာပဲဗျ။ သိပ်ပြီးတော့လည်း ဟုတ္တိပတ္တိ မဟုတ်ဘူး။ ဈေးကလည်း တမူးဖို့တို့၊ တမူးဆိုတာ တစ်ကျပ်ဖိုးရှစ်စောင်ပေါ့ဗျာ။ ဂျာနယ်လေးတွေ ထွက်တယ်ဗျာ။ သတင်းစာတစ်စောင် တစ်ပဲတန်သတင်းစာတို့ဘာတို့တောင် ရှိတယ်ဗျ။ သူများတွေက လေးဖောင်ပေါ့။ လေးဖောင်ဆိုတာ (၁၆) မျက်နှာလောက် ထုတ်တဲ့အချိန်၊ သူတို့က နှစ်ဖောင်ပေါ့။ (၈) မျက်နှာလောက်ထုတ်တာပေါ့။ အဲလို သတင်းစာတွေလည်း ထွက်တယ်ဗျ။ သတင်းစာလောကတို့ စာပေလောကတို့ကို ကြည့်လိုက်တဲ့အခါ ကျတော့လည်း နာမည်ကြီးဆရာတွေကလည်း၊ ဥပမာဆိုပါတော့ဗျာ ဆရာကြီး မဟာဆွေ ဆိုပါတော့ဗျာ ဟုတ်လား၊ ဆရာမကြီး ခင်ဆွေဦးရဲ့ ဖခင်ပေါ့ဗျာ၊ ဥပမာ ဆရာဇ၀နလို ပုဂ္ဂိုလ်တွေ၊ ဆရာကြီးရွှေဥဒေါင်းလို ပုဂ္ဂိုလ်ကလည်း ကျော်ကြားတုန်းဗျ။ နောက်တစ်ခါ အလားတူပဲ လူထုဦးလှတို့၊ လူထုဒေါ်အမာလို သတင်းစာဆရာကြီးတွေကလည်း အလွန်ကို ကျော်ကြားနေတဲ့ အချိန်..နော်။

ခေတ်ဝန် (၉)

ဦးဝင်းတင်တို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ စာဘူးတောင်းမှဆုတ်ခွာလာပြီး လှည်းကူးမြို့ ရဲစခန်းထဲမှာ မြေကတုတ်ကျင်းတွေ တူးပြီး ခံစစ်လုပ်နေခဲ့ကြပါတယ်။

သိပ်မကြာလိုက်ဘူးဗျ။ နောက်ပိုင်းကြားတာတော့ ဗိုလ်ချုပ်နေ၀င်းကနေ ဟာကျောင်းသားတွေ “ကျကျတ်” ကုန်ရင်တော့ မဖြစ်ဘူး။ အဲဒီတော့ ကျောင်းသားတွေအကုန်လုံးကို ရန်ကုန်ပြန်ခေါ်၊ စစ်ပညာတွေဘာတွေ သင်ပေး၊ ပြီးတဲ့အခါကျတော့ စစ်ထဲသွင်းပေါ့ဗျာ။ ဆိုတဲ့ လမ်းကြောင်းနဲ့ သို့မဟုတ်လည်း လမ်းစဉ်နဲ့ ကျောင်းသားတွေကို ပြန်စုတယ်ဗျ။ အဲဒီတော့ ကျွန်တော်တို့ကလည်း ကရင်သွားပြီးတော့ ခါးကလိထိုးသလို သွားပြီးတော့ လုပ်နေတာကိုးဗျ။ လုပ်နေတော့ နောက်ဆုံးဘိတ်ကျတော့ ကျွန်တော်တို့လည်း ကျောင်းသားသုံးယောက်ကျ၊ ကျပြီးတော့ ကျွန်တော်တို့လည်း ခွေးပြေးဝက်ပြေးပြေးပြီးတော့ လှည်းကူးရောက်၊ လှည်းကူးကနေပြီးတော့ အဲဒီ အမိန့်အရ လော်လီကားကြီးတစ်စင်းနဲ့ ခေါ်ပြီးတော့ ရန်ကုန်ရောက်ရော ဆိုပါတော့ဗျာ။

ခေတ်ဝန် (၈)

မြန်မာနဲ့ကရင်တိုင်းရင်းသားတွေအကြား တိုက်ပွဲပြင်းထန်နေဆဲကာလ။ မြန်မာအစိုးရကို ရန်ကုန်အစိုးရလို့ ကမ္ဘာကခေါ်နေကြချိန် ဖြစ်ပါတယ်။

ကျွန်တော်တို့ကလည်း ကျောင်းမှာ ပထမ နေသေးတယ်။ နောက်ကျတော့ ကျောင်းကလည်း ထမင်းတွေ ဘာတွေ မကျွေးတော့ဘူးဆိုတဲ့အခါကျတော့ ကျွန်တော်တို့ မြို့ထဲသွားပေါ့ဗျာ။ မြို့ထဲသွားပြီးတော့ လက်စွပ်တွေဘာတွေ ချွတ်ရောင်း၊ ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ အင်္ကျီမှာ ရွှေကြယ်သီးလေးတွေ ဘာတွေ ကျွန်တော်တို့ လုပ်ကြတယ်ဗျ။ ရွှေကြိုးတွေဘာတွေနဲ့ဆက်ထားတဲ့ ရွှေကြယ်သီးလေးပေါ့။ လေးလုံးလောက်ပေါ့ဗျာ။ အဲဒါလေးတွေ ဖြတ်ရောင်းပေါ့ဗျာ။ စသည်ပေါ့။ ရောင်းပြီးတော့ ထမင်းစားကြရတယ်။ ကျွန်တော် မှတ်မိတာလေးတစ်ချက် ကျွန်တော် ပြောပြချင်တယ်ဗျ။ ဆိုပါတော့ဗျာ။ ရွှေကလည်း တစ်ရာအောက်မှာ ဈေးရှိတယ်ဗျ။ သုံးမူးသားလောက်ဘာလောက်ရောင်းမှ ငွေသုံးဆယ်လောက် ရမယ်ထင်တယ်။

ခေတ်ဝန် (၇)

ဦးဝင်းတင် တက္ကသိုလ်တက်စဉ် အင်မတန် ခင်မင်ရင်းနှီးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကတော့ ကဗျာဆရာ မင်းယုဝေပါ။

သူက ကျွန်တော်တို့ထက် တစ်နှစ်ကြီးတယ်ဗျ။ တစ်နှစ်ကြီးတော့ ကျွန်တော်နဲ့လည်း မြသန်းတင့်လို အတန်းအတူတူ မဟုတ်ဘူး။ သူက ပုသိမ်သားပဲ။ နောက်ပိုင်းမှာမှ သိရတာတော့ ကာတွန်းဆရာ ကိုဖေသိန်းတို့၊ ကိုဖေသိန်းရဲ့ညီ ၀င်းမောင်တင်တို့ဘာတို့ဆိုတဲ့ အဲဒီ လူတွေနဲ့လည်း သူငယ်ချင်းတွေဗျ။ အဲဒီတော့ သူက ကဗျာတွေရေးတယ်ဗျာ။ ဥပမာဆိုတာတော့ တစ်ရက်ဆိုလို့ရှိရင် ကျောင်းတွေကလည်း ကရင်သူပုန်ထဘာထနဲ့ ကျောင်းသားတွေက ပြန်ကုန်ပြီ။ မှတ်မိသေးတယ်ဗျ။ နွေကြီးဗျ။ ကျောင်းသားတွေက အကုန်လုံးပြန်ကုန်ပြီ။ အဲဒီမှာ သူက ရေးတယ်ဗျာ။ သူ့အခန်းထဲမှာသူ။ ကျွန်တော်က ဒီဘက်ခန်း၊ သူနဲ့ ကျွန်တော်နဲ့က စစ်ကိုင်းဆောင်မှာဗျ။ ဒုတိယထပ်၊ စစ်ကိုင်းဆောင် ---- အခန်းမှာနေတာ။ နှစ်ယောက် အခန်းချင်းကပ်လျက်ဆိုတော့ သူက သူ့ကဗျာတွေရေး၊ ရေးပြီးတဲ့အခါကျတော့ စိတ်ထက်သန်စွာပဲ ကျွန်တော့် လာပြီးတော့ ဖတ်စမ်းပါဗျာ၊ ကိုဝင်းတင် ဖတ်ကြည့်စမ်းပါဆိုပြီးတော့ပေး။