ခေတ်ဝန် (၄)

ဦးဝင်းတင်ရဲ့ ဂျပန်ခေတ်အတွေ့အကြုံတွေထဲမှာ ထက်ထက်သန်သန် လှုပ်ရှားမှုတစ်ခုကတော့ အာရှလူငယ်အဖွဲ့ထဲ ပါဝင်ခဲ့ခြင်းပါပဲ ခင်ဗျာ။

အာရှလူငယ်ဆိုတာက သာမန်အားဖြင့်တော့ ဂျပန်ပြည်ကပါလာတဲ့ အကြံဉာဏ်တွေနဲ့ ဂျပန်ရဲ့ အလေ့အထတွေပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ လူငယ်ကျောင်းသားတွေကို အကုန်လုံး အာရှလူငယ်ဆိုပြီးတော့ စုစည်းတာပေါ့ဗျာ။ သူတို့က တစ်ဘက်ကလည်း ကျွန်တော်ထင်တယ်၊ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်မျိုးတွေ ဦးဆောင်တဲ့ တပ်မတော်အရာရှိများ၊ သို့မဟုတ်လို့ရှိရင်လည်း နိုင်ငံရေးသမားများကနေပြီးတော့ လူငယ်ဆိုတာဟာ တိုင်းပြည်ရဲ့အနာဂတ်ကို.. ဟုတ်လား၊ ဦးဆောင်မယ့်ပုဂ္ဂိုလ်တွေ၊ တိုင်းပြည်ကနေ အားကိုးရမယ့် ပုဂ္ဂိုလ်တွေ၊ ဒီလိုလူတွေ၊ ဒီအင်အားတွေကို ငါတို့.. မွေးမြူရမယ်၊ လေ့ကျင့်ရမယ်၊ ပျိုးထောင်ရမယ်၊ ခေါင်းဆောင်မှုလုပ်တတ်အောင် လေ့ကျင့်သင်ကြားရမယ်ဆိုတဲ့ အယူအဆတွေနဲ့ ဒီအာရှလူငယ်ကို လုပ်တာပဲခင်ဗျ။ ကျွန်တော်တို့ကတော့ တော်တော့်ကို ထက်ထက်သန်သန်၊ ပျော်ပျော်ရွှင်ရွှင်ကြီးကို ပါတာပဲခင်ဗျ။ အဲဒီ အပျော်လွန်ပြီးတော့ပဲ ဟိုဟာဆိုလည်း ကျွန်တော် ရှေ့ကနေ၀င်လုပ်၊ သူများ မလုပ်ချင်တဲ့အလုပ်လည်း ၀င်လုပ်ဆိုတဲ့အခါကျတော့ တစ်နေ့မှာ၊ ကျွန်တော်တို့၊ တိုက်ပေါ်ကနေ လိမ့်ကျရောဗျ။ ဖြစ်ပုံက ဒီလိုဗျာ။ အာရှလူငယ်ကနေပြီးတော့ ဦးစီးပြီးတော့ အကယ်၍ ဗုံးတွေဘာတွေ ကျခဲ့သော်၊ ဟုတ်လား၊ အိမ်တွေဘာတွေမှာ မီးလောင်တဲ့အခါမျိုး၊ အတွင်းမှာရှိတဲ့လူတွေကို ကယ်ဆယ်ဖို့ လေ့ကျင့်ခန်းပေါ့ဗျာ။ အဲဒီတော့ ကျွန်တော်တို့မြို့မှာ၊ ဈေးနဲ့ မျက်နှာချင်းဆိုင်မှာ ဦးသာလင်းတိုက်ဆိုတာရှိတယ်ဗျ။ နှစ်ထပ်တိုက်။ အဲဒီမှာ ရှေ့မှာ လေသာဆောင်လိုဟာမျိုးပေါ့ဗျာ၊ ကျွန်တော်က လူနာလုပ်တယ်။ လေ့ကျင့်တဲ့ နည်းနည်းခပ်ကြီးကြီးလူတွေက၊ အာရှလူငယ်ထဲပါတဲ့လူတွေက ကျွန်တော့်ကို ထမ်းတယ်ဗျ။ အပေါ်ထပ်ကနေပြီးတော့ ကယ်ဆယ်ရတယ်ဆိုပါတော့ဗျာ။ ကယ်ဆယ်တယ်လုပ်ပြီးတော့ သွပ်တွေပေါ်ကနေ လျှောက်လာပြီးတော့၊ နောက်ဆုံးပိတ် လှေကားပေါ်ကို ပို့ဖို့အတွက် ကျွန်တော့်ကို ထမ်းရာကနေပြီးတော့၊ အောက်ကိုလည်း ချလည်းချရော၊ ကျွန်တော်က သွပ်ပြားပေါ်နင်းတဲ့အခါကျတော့၊ သွပ်ပြားပေါ်ကနေ ကျွန်တော် လိမ့်ကျပြီးတော့ အောက်ကိုလည်းကျလည်းကျရော ကျွန်တော် ခါးရိုးမကျိုးရုံတမည်ပေါ့ဗျာ။ ဂျပန်ခေတ်မှာ အိမ်ထဲမှာကို နှစ်လသုံးလလောက် နေလိုက်ရတယ်။ အဲဒီဒဏ်တွေဟာ ဒီအချိန်အထိ ကျွန်တော် သိပ်ပြီးတော့ ထိုင်နိုင်ပြုနိုင် သိပ်မရှိဘူး။ ကျွန်တော် ခါးခဏခဏနာတဲ့အခါ အခုထက်ထိ ကျန်နေတယ်ပေါ့ဗျာ။ နှစ်ပေါင်း (၆၀) လောက်အထိ ကျန်နေတာပေါ့ဗျာ။



အဲဒီအချိန်က အာရှလူငယ်အဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့ကြသူတွေဟာ နောင်တစ်ချိန်မှာ တပ်မတော်နဲ့ အစိုးရအဖွဲ့အတွင်း အရေးပါသူတွေ ဖြစ်လာခဲ့ကြတယ်လို့လည်း ဦးဝင်းတင်က ပြောပါတယ်။

ဥပမာဆိုပါတော့။ ကိုညိုဆိုရင်၊ နောက်ပိုင်းကျတဲ့အခါကျတော့၊ မဆလခေတ်ကျတဲ့အခါကျတော့ နိုင်ငံတော်ကောင်စီဝင် ဗိုလ်မှူးကြီး မောင်ညိုဆိုတာ ဖြစ်လာတယ်ပေါ့ဗျာ။ နောက်တစ်ခါ ကျွန်တော်နဲ့ သားချင်းတော်တဲ့ ဗိုလ်ကြီးမျိုးကျော်ပေါ့ဗျာ။ ဗိုလ်သင်တန်းဒုတိယပတ်တို့ဘာတို့ထိ ရောက်သွားတယ်။ နိုင်ငံဂုဏ်ရည်ပထမဆင့် ဆိုတာတွေ ဖြစ်တယ်။ ဗိုလ်မှူးကြီးအေးသွင် ဆိုလို့ရှိရင် နောက်ပိုင်းမှာ ဒီဘဏ္ဍာရေးဝန်ကြီးတို့ ဘာတို့ လုပ်ခဲ့ဖူးတဲ့လူ ဖြစ်သွားတယ်။ သို့သော် အာရှလူငယ်ဟာ ဘာပဲပြောပြော၊ အဲဒီခေတ်လူငယ်တွေရဲ့၊ မျိုးဆက်သစ်လူငယ်တွေကို မွေးထုတ်တဲ့ဟာ၊ တိုင်းရေးပြည်ရေးစိတ်ဓာတ်တွေကို မွေးမြူတဲ့ Ground ဖြစ်တယ်၊ ဆိုတဲ့ဟာကို ကျွန်တော်တို့ သွားတွေ့တယ်ခင်ဗျ။ ဒါကြောင့် ဒီနေ့ ကျွန်တော် လူငယ်တွေနဲ့ တွေ့ရဆုံရပြောရဆိုရတဲ့အခါမှာ ကျွန်တော့်စိတ်ထဲမှာ ကျွန်တော်ငယ်ငယ်တုန်းက အာရှလူငယ်မှာ ကျွန်တော် ပါဝင်လှုပ်ရှားခဲ့တုန်းက ခံစားမှုမျိုးတွေပေါ့ခင်ဗျာ။ ကျွန်တော် သူတို့ကို အဲလိုစိတ်ဓာတ်မျိုးတွေ ပေါ်ပေါက်စေချင်တယ်။ ကျွန်တော် လူငယ်တွေကို ဘာပြောလဲဆိုလို့ရှိရင် (၈) လေးလုံး ကာလကြီးမှာ ထက်ထက်သန်သန်ကြီးလုပ်ခဲ့ကြတယ်၊ ဟုတ်လား ပျော်ပျော်ပါးပါးကြီး လုပ်ခဲ့ကြတယ်။ ဒီနေ့ကာလမှာ ဒီအရှိန်တွေ အများကြီးလျော့သွားတယ်၊ စစ်အစိုးရကလည်း အမျိုးမျိုးဖိနှိပ်မှု၊ ထောင်သွင်းအကျဉ်းချမှု၊ စတာတွေကြောင့် သူတို့မှာ လျော့ကုန်တယ်။ အဲလို လျော့နေတော့၊ အရင်တုန်းကလို ထက်ထက်သန်သန်ပျော်ပျော်ပါးပါးကြီး သူတို့ မလုပ်နိုင်ရင်တောင်မှ ထထကြွကြွနဲ့ ရွှင်ရွှင်လန်းလန်းတော့ တို့ လုပ်သွားကြရအောင်၊ တိုင်းရေးပြည်ရေးကို၊ မင်းတို့တွေပဲ ခေါင်းဆောင်ရမှာ၊ မင်းတို့တွေရဲ့ အမွေတွေကို မင်းတို့ဆက်ခံရမှာဆိုတာ ဒီနေ့အထိ ကျွန်တော်ပြောတုန်း၊ အဲဒီ ကျွန်တော်ပြောတာက ဘာလဲဆိုတော့ အာရှလူငယ်မှာ ကျွန်တော် ကြုံခဲ့ဖူးတဲ့ လူငယ်စိတ်ဓာတ်ကို ကျွန်တော်ပြောတာ ဖြစ်ပါတယ်။

ဂျပန်ခေတ်ရောက်တဲ့အခါကျတော့ ကျွန်တော့် သားချင်းတွေထဲကပဲ ဗိုလ်မင်းခေါင်လို ပုဂ္ဂိုလ်မျိုးက ရဲဘော်သုံးကျိပ်ဝင်ဖြစ်တယ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရံတော်တပ်မှူးဆိုတဲ့ အဆင့်အတန်းမျိုးလည်း ဖြစ်နေတယ်။ နောက်တစ်ခါ ကျွန်တော့် ဦးလေးတွေဖြစ်တဲ့ ဗိုလ်ကြီးမျိုးကျော်လို ပုဂ္ဂိုလ်မျိုးတွေ၊ ဗိုလ်မှူးကြီးအေးကိုလို ပုဂ္ဂိုလ်မျိုးတွေ၊ ဗိုလ်မှူးကြီးမောင်ညိုဆိုတာ ကျွန်တော်တို့နဲ့ တစ်လမ်းတည်းနေတာခင်ဗျ။ ဒီအကျိုးသက်ရောက်မှုတွေဟာ ဘယ်လို ဆက်စပ်သွားလဲဆိုတဲ့ အခါကျတော့ ဒီတော်လှန်ရေးကာလဆိုတဲ့အခါကျတော့ ကျွန်တော်တို့ မိသားစုဝင်တွေကို စောင့်ရှောက်တဲ့အင်အားတွေ အများကြီးပေါ်လာတယ်ခင်ဗျ။ အဲဒါကြောင့် ကျွန်တော်တို့ တောကိုပြေးတဲ့အခါမှာ အကုန်လုံးစီစဉ်ပေးတယ်ခင်ဗျ။ အဲဒီ ကျွန်တော်တို့မိသားစု လုံခြုံရေးကို စီစဉ်ရတဲ့အကြောင်းကလည်း ဂျပန်တွေက ကျွန်တော်တို့ဒီပြည်လမ်းပေါ့ဗျာ၊ ကျွန်တော်တို့မြို့က ရထားလမ်းရှိတယ်၊ ကားလမ်းရှိတယ်။ အဲဒီတော့ ဂျပန်တပ်တွေ ဆုတ်တိုင်းဆုတ်တိုင်းကလည်း ကျွန်တော်တို့မြို့ကို ဖြတ်သန်းသွားတယ်။ အဲဒီကျတော့ ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့အိမ်မှာ ကျွန်တော့်အဘွားကြီးကနေပြီးတော့ ဦးလေးလို့ခေါ်ရတဲ့ပုဂ္ဂိုလ်ပေါ့ဗျာ၊ ဒီပုဂ္ဂိုလ်ကြီးတွေအပါအ၀င် ကျွန်တော်တို့မြို့က လူ (၃၀) လောက်ကို ဂျပန်က ၀င်ပြီး လှံစွပ်တွေနဲ့ ထိုးသတ်သွားတာဗျ။ တစ်မြို့လုံးမှာ မြင်မကောင်းအောင်၊ စကားစပ်မိလို့ ဖြတ်ပြောရရင် ဒီအဘိုးကြီးဆိုလို့ရှိရင် သူက လူတိုင်းကို မေတ္တာပို့နေတာ မြွေကိုင်ရင် မြွေကိုမေတ္တာပို့၊ လူတွေ့ လူမေတ္တာပို့ပေါ့ဗျာ ဟုတ်လား၊ ပိတောက်တွေပွင့်နေတာတွေ့ရင် ပိတောက်တွေမေတ္တာပို့ စသည် မေတ္တာပဲပို့တဲ့ပုဂ္ဂိုလ်ဟာ နောက်ဆုံး ဂျပန်ကနေ လှံစွပ်နဲ့ထိုးသတ်သွားတော့ ဘာသာရေးဘက်ကနေ ကျွန်တော် ကြည့်ရင်တော့ သြော် မေတ္တာပို့နိုင်ပါစေ၊ ဒီပုဂ္ဂိုလ်ကြီးဟာ သေသွားတဲ့အထိ မေတ္တာတရားကိုပဲ ကိုင်စွဲနိုင်ပါစေလို့ တစ်ဘက်ကနေပြီးတော့ ကျွန်တော် တွေးတယ်ပေါ့ခင်ဗျာ။ တစ်ဘက်က ပြန်ကြည့်တော့လည်း ဒီအဘိုးကြီးက အမှန်က မေတ္တာပို့နေဖို့ မကောင်းဘူး။ ဒီလောက် ယုတ်မာတဲ့၊ ဒီလောက်ကို ရက်စက်တဲ့ ဖက်ဆစ်တွေ၊ ဂျပန်တွေကို ဟုတ်လား၊ သေခါနီးမှာတော့ မေတ္တာပို့သွားဖို့ မကောင်းဘူး။ အနည်းဆုံး အော်ဆဲသွားတာမဟုတ်တောင်မှ အံကြိတ်ပြီးတော့ သွားသင့်တယ်လို့ ကျွန်တော့်စိတ်ထဲမှာ တစ်ခါတလေ ခံစားရတယ်ဗျ။ အဲဒါလေးကို ကျွန်တော် လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀) လောက်ကပေါ့ဗျာ၊ ကျွန်တော် ငွေတာရီလား၊ မြ၀တီလားမှာမသိဘူး ရေးဖူးပါတယ်။ မေတ္တာရှင် ဆိုပြီးတော့။

ဦးဝင်းတင်တို့မိသားစုကို တော်လှန်ရေးအင်အားစုတွေက ကြို့ပင်ကောက်နဲ့ တစ်မိုင်သာသာလောက်မှာရှိတဲ့ ရှမ်းစုဆိုတဲ့ရွာကို စစ်ဒဏ်ရှောင်ဖို့ ပို့ပေးခဲ့ရာမှာ ဦးဝင်းတင် ထာဝရမမေ့နိုင်တဲ့ ကိုယ်တွေ့တစ်ခုနဲ့ ကြုံခဲ့ရပါတယ်။

အဲဒီအခါမှာလည်း ကျွန်တော် စိတ်ထဲမှာ ကြားဖြတ်ပြောရဦးမယ်၊ ကျွန်တော်အင်းစိန်မှာနေတဲ့အခါကျတော့ ကရင်ဆိုတာ၊ သူတို့မှာ သီးခြားစကားရှိတယ်၊ သီးခြားယဉ်ကျေးမှုရှိတယ်၊ ဒီလူတွေဟာ ငါတို့ရဲ့ တိုင်းရင်းသားတွေပါလား၊ ကျွန်တော်ခံစားရသလိုပဲ ဒုတိယအကြိမ်တွေ့ဖူးတဲ့ လူမျိုးစုက ရှမ်းပဲခင်ဗျ။ ရှမ်းပြည်ကနေဆင်းလာတဲ့ ရှမ်းတွေဟာ၊ ဟုတ်လား၊ ဒီနေရာအထိရောက်တယ်ဆိုတာ ဒါကတော့ မဆန်းဘူးဗျ။ မြို့တွေရောက်တာ။ ကျွန်တော်တို့ဘက်တွေ ကျတဲ့အခါကျတော့ ပဲခူးရိုးမကျောမှာ ဟိုးပေါင်းတည်၊ ပြည်တို့ဘာတို့ တစ်ဝိုက်လောက်အထိကို ကရင်တွေ၊ ရှမ်းတွေဆိုတာ အမှန် နေနေတာပဲဗျ။ ကျွန်တော်က ထင်တာက၊ သြော် ရှမ်းဆိုတာ ရှမ်းပြည်မှာနေတယ်၊ ဟုတ်လား ကရင်ဆိုတာ ကရင်ပြည်နယ်က တောင်တန်းတွေမှာ နေတယ်၊ သို့မဟုတ်လည်း မြစ်ဝကျွန်းပေါ်မှာ နေတယ်ပေါ့၊ ဒီလိုသာ ထင်တာဗျ။ တကယ့်တကယ်က အဲလိုမဟုတ်ဘူး။ ကျွန်တော်တို့မြို့ရဲ့ တောင်ပိုင်းက ရှစ်မိုင်ကိုးမိုင်လောက်ဝေးတယ်ဗျ၊ တောင်ပိုင်းက၊ ပဲခူးရိုးမ၊ အဲဒီကြားထဲမှာ ရွာတွေရှိတယ်ဗျ၊ အဲဒီရွာတွေထဲမှာ ကရင်ရွာတွေ ရှိရုံတင်မကဘူး၊ ရှမ်းရွာတွေလည်း ရှိတယ်၊ အဲဒီတော့ ကျွန်တော်တို့ စစ်ပြေးသွားတဲ့ရွာက ရှမ်းစုဆိုတဲ့ ရှမ်းရွာလေးဗျ။ ကျွန်တော်တို့ ရှမ်းတွေအိမ်မှာပဲ နေရတယ်။ ကျွန်တော့် ညီမ၊ အငယ်ဆုံးညီမက အဲဒီနှစ်မှာပဲ (၄၅) မှာပဲ မွေးပြီ၊ ကျွန်တော်က အဲဒီအချိန်မှာ ဆယ့်ငါးနှစ်သားလောက် ဖြစ်လာပြီ၊ အဲဒီတော့ နေရင်းကနေ တစ်နေ့မှာ မနက်လည်းမိုးလင်းရော အကုန်လုံး ကလေးတွေ ငြိမ်၊ ဘယ်သူမှ မလှုပ်နဲ့ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့ ဘာမှန်းလဲ မသိဘူးပေါ့။ ကျွန်တော်တို့ ထမင်းစားဆို၊ တိုးတိုးတိတ်တိတ်ပဲ စားရတယ်၊ ခါတိုင်းနဲ့မတူတာတော့ ကျွန်တော်တို့သိတယ်၊ ဘာမှန်းကျွန်တော်တို့ မသိဘူး၊ တစ်ချက်လောက်၊ နှစ်ချက်လောက် ဖြစ်မယ်ဗျာ၊ အဲဒီအချိန်ရောက်တဲ့အခါကျမှ ကျွန်တော်တို့အိမ်မှာ ဗိုလ်ချုပ်အောင်ဆန်းရောက်နေတယ်၊ ဗိုလ်မင်းခေါင်နဲ့ အတူလိုက်လာတယ်၊ ဗိုလ်ချုပ်အောင်ဆန်းက တော်လှန်ရေးခရီးပေါ့ဗျာ ဟုတ်လား၊ သရက်နယ်ထဲကိုသွားမှာ၊ သူရဲ့ တော်လှန်ရေးထွက်တဲ့ ခရီးမှာ၊ ပထမဆုံးစတည်းချတဲ့မြို့ဟာ ကြို့ပင်ကောက်ဗျ။ ဗိုလ်ချုပ်အောင်ဆန်းကို ဗိုလ်မင်းခေါင်ကနေပြီးတော့ တောလမ်းကနေဖြတ်ပြီးတော့ ကျွန်တော်တို့ အဲဒီရွာမှာ ၀င်တည်းတယ်။ တစ်ညလုံးသူတို့ ရန်ကုန်ကနေ ကားနဲ့မောင်းလာတယ်။ ညရောက်တယ်၊ မှီခိုတော့ ကျွန်တော်တို့ ရွာမှာခိုတယ်။ မြို့ထဲမှာဆို အင်္ဂလိပ် စက်သေနတ်နဲ့လည်း တွေ့မှာ စိုးရတယ်၊ နောက်တော့ စစ်ဆုပ်နေတဲ့ ဂျပန်တွေနဲ့လည်း တိုးမှာ စိုးတဲ့အခါကျတော့ ကျွန်တော်တို့အိမ်မှာ တည်းတယ်ဗျ။ အဲဒါကြောင့် ကျွန်တော်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဲဒီမှာ တွေ့တာ၊ အဲဒီမှာ စကားဖြတ်ပြောရဦးမယ်ဗျာ၊ ဗိုလ်ချုပ်အောင်ဆန်းဟာ တော်လှန်ရေးအတွက် ခရီးထွက်တဲ့အခါမှာ ပထမဆုံးစတည်းချတဲ့မြို့ဟာ ကြို့ပင်ကောက်မြို့၊ သူ့ရဲ့သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီမိုကရေစီတော်လှန်ရေးခရီးကြီးမှာ ပထမဆုံးစတည်းချတဲ့မြို့ဟာလည်း ကြို့ပင်ကောက်ဖြစ်နေတယ်ဗျာ။ တိုက်ဆိုင်မှုပေါ့ဗျာ။ ထားပါတော့ အဲဒီတော့။ ဗိုလ်ချုပ်အောင်ဆန်းရောက်နေတယ်ဆိုတဲ့ သတင်းကြားပြီးတော့ ကျွန်တော်တို့လည်း ထမင်းစားပြီးပြီ ဒါပေမဲ့ ဗိုလ်ချုပ်တို့က တစ်ညလုံး ကားမောင်းလာရလို့လား မသိဘူးဗျ။ အဲ ဗိုလ်ချုပ်တို့က နာရီပြန်တစ်ချက်လောက်ကျမှ အိပ်ယာက ထကြတယ်၊ ဗိုလ်မင်းခေါင်ရော၊ ဗိုလ်ချုပ်ရော နောက်ပြီးတော့ သူ့ရဲ့ ကိုကျော်လှဆိုလားမသိဘူးဗျ။ ကားမောင်းတဲ့သူ...။ အိပ်ယာကထကြတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွေ့တဲ့အခါ ဦးဝင်းတင်က ဘာပြောခဲ့ပါသလဲ။ ရှေ့အပတ်မှာ နားဆင်ပါခင်ဗျာ။

0 comments:

Post a Comment