ခေတ်ဝန် (၁၃)

ခင်ဗျားဒီလောက် သတင်းစာ ၀ါသနာပါနေရင်၊ ဒီလောက်သတင်းစာပိုး ထနေရင်၊ လူထုမှာလုပ်ပါလားဆိုတဲ့ အဲဒီလို ကျွန်တော့်ကိုပြောတဲ့လူတွေ ပေါ်လာတယ်ပေါ့ဗျာ။ အဲဒီအချိန်မှာ ကျွန်တော့်ကို နောက်ဆုံးဆက်သွယ်ပေးတဲ့ သူကတော့ နော် ဆရာဦးတင်အေး။ အလွန်ကျော်ကြားတဲ့ စာပေပညာရှင်၊ နောက် ပင်လုံစာချုပ်ကို လက်မှတ်ထိုးခဲ့တဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်ဗျာ။ ဦးတင်အေးက အဲဒီအချိန်မှာ တက္ကသိုလ် ဘာသာပြန်ဌာနမှာ ဆရာမင်းသုဝဏ်ရဲ့အောက်မှာ ဒုတိယ တာဝန်ခံအရာရှိအနေနဲ့ လုပ်ကိုင်နေတဲ့အချိန်ဗျ။ သူက စာတွေရေးပေးတယ်၊ မန္တလေးကိုသွားပါ။ လူထုသတင်းစာတိုက်မှာ ဆိုတော့၊ ကျွန်တော်က မန္တလေးကို သွားတယ်ဗျ။ ကျွန်တော် ရထားနဲ့သွားတာကိုးဗျ။ ရထားနဲ့သွား ဆောင်းတွင်းကြီးဗျာ။



အဲဒီအချိန်က “လူထုဦးလှ” ထောင်ကျနေချိန်ဖြစ်ပါတယ်။ ဦးဝင်းတင်က လူထုဒေါ်အမာကို သူ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်ကတည်းက အံ့သြလေးစားမိတယ်လို့ ပြောပါတယ်။ 

ဒေါ်အမာနဲ့တွေ့တဲ့ အခါကျတော့ ကျွန်တော် တခြားစကားနဲ့ သိပ်တောင်မပြောချင်ဘူးဗျ။ အရပ်စကား ဘန်းစကားပဲ ပြောပါရစေ။ ခွင့်လွှတ်ပါ။ ကျွန်တော် ဘယ်လိုဖြစ်လဲဆိုတော့ “ဖျားသွားတယ်” ဗျ။ ဘာဖြစ်လို့ ဖျားသွားတယ်လို့ ကျွန်တော် ခံစားရလဲဆိုတဲ့အခါကျတော့ ဒေါ်အမာက၊ အဲဒီအချိန်မှာ သတင်းစာတစ်စောင်လုံးကို သူပဲလုပ်နေတာဗျ။ သူ့ရဲ့အငယ်ဆုံးသား ကိုညိုဆိုတာရှိတယ်။ ကိုညိုဆိုတာ ခုတော့ အသက် (၅၀) ကျော်ပေါ့ဗျာ။ ညီပုလေးဆိုတဲ့ နာမည်နဲ့ အလွန်ထင်ရှားတဲ့ဝတ္ထုဆရာထဲမှာ တစ်ယောက်အပါအ၀င်ပေါ့ဗျာ။ ကိုညိုက အဲဒီအချိန်တုန်းက နို့စို့အရွယ်ဗျ။ ကြည့်လိုက်တဲ့အခါကျတော့ ဒေါ်အမာက၊ ဆေးလိပ်ကလည်း သောက်တယ်ဗျာ။ ဆေးလိပ်ကြီးက အကြီးကြီး၊ မီးတဖွားဖွားနဲ့။ ဆေးပေါ့လိပ်၊ ဘယ်ဘက်လက်ကနေပြီးတော့ ဆေးလိပ်သောက်။ နောက် ကိုညိုက ရင်ခွင်ထဲပိုက်ထားပြီးတော့ နို့တိုက်..။ တစ်ဘက်ကလည်း စာတွေက တစ်ခါတည်း ရေးနေတာဗျ။ အဲဒီတော့ ဒီရှုခင်းကို မြင်တဲ့အခါ၊ သတင်းစာဆိုတာ ဘယ်လောက်အလုပ်များတယ်ဆိုတာကို ကျွန်တော် များများမသိပေမဲ့လို့ ကျွန်တော် နည်းနည်းပါးပါးသိခဲ့ပြီးပြီ၊ မြင်ခဲ့ပြီးပြီ။ ဒီလောက်အလုပ်များတဲ့လုပ်ငန်း ဟုတ်လား။ ဒီလောက်ခက်ခဲပြင်းထန်တဲ့ လုပ်ငန်း။ ဒီလောက်ကို ရုန်းကန်ရတဲ့ လုပ်ငန်းမှာ ဒေါ်အမာက ကလေးနို့တိုက်ရင်း၊ ဆေးပေါ့လိပ်ဖွာရင်း၊ တစ်ဘက်ကနေပြီးတော့ ရေးနေတာကို ကျွန်တော်တွေ့တဲ့အခါကျတော့ “ဖျား”သွားတယ်ဆိုတာမျိုးပဲ ကျွန်တော် သုံးရမှာပဲဗျ။ အဲဒီလိုကို ဖြစ်တာ။ ခံစားချက်က ဟာ.. လွယ်လွယ်ကူကူပြောရရင်တော့။ ငါဒီလိုမိန်းမမျိုးနဲ့သာ တွဲလုပ်ရလို့ကတော့ ငါတော့ မလွယ်ဘူးထင်တယ်လို့တောင်၊ အဲလိုခံစားရတယ်။ ကျွန်တော့်စိတ်ထဲမှာ အလွန် လေးစားခြင်း၊ သို့မဟုတ်လည်း ရွံ့ကြောက်ခြင်းပေါ့ဗျာ၊ အလွန်ကို ကြီးမားတဲ့ မြင်ကွင်းတစ်ရပ်ပေါ့ဗျာ။ အတွေ့အကြုံတစ်ရပ် ဖြစ်သွားခဲ့တယ်။ သို့သော် ကံမကောင်းဘူးပဲခေါ်ခေါ်၊ ကံကောင်းတယ်ပဲခေါ်ခေါ်၊ အခြေအနေကြောင့် ကျွန်တော် လူထုမှာ မလုပ်ဖြစ်ဘူးဗျ။ အဲဒါက ၁၉၅၃ ခုလောက်ပေါ့။ ကျွန်တော်က ဘီအေအောင်ပြီးပြီ။ ကျွန်တော် စာပေဗိမာန်မှာ လုပ်နေတယ်။ ------ မှာ၊ အေအက်ဖ်ပီမှာကျွန်တော် လုပ်နေတယ်။ လူထုမှာလုပ်ဖို့ ကျွန်တော် ဒေါ်အမာနဲ့သွားပြီး နှစ်ရက်သုံးရက်လောက် ဆွေးနွေးခဲ့တယ်။ ကျွန်တော်ပြန်လာပြီးတော့ သတင်းစာလုပ်မယ်လို့ ဆုံးဖြတ်ရဲ့သားနဲ့ ကျွန်တော် အကြောင်းအခြေအနေ အမျိုးမျိုးပေါ့ဗျာ။ အဲဒါတွေက အခုပြန်ပြောဖို့ကျတဲ့အခါကျတော့ သိပ်ပြီးလည်း ပြောစရာတောင် သိပ်မရှိဘူး။ ဘယ်လို အခြေအနေကြောင့်မှန်းတော့ မသိဘူး။ ကျွန်တော် မလုပ်ဖြစ်တော့ဘူးဗျ။ ဒါနဲ့ပဲ ကျွန်တော် စာပြန်ရေးလိုက်တယ်၊ ဒေါ်ဒေါ် ကျွန်တော်တော့ ကျွန်တော်လူထုမှာ အလွန်လုပ်ချင်ပါတယ်။ သို့သော် ကျွန်တော် လုပ်နိုင်တဲ့အခြေအနေ မရှိတော့ဘူး။ မလုပ်ဖြစ်ဘူးဆိုတဲ့ ကျွန်တော် စာပြန်ရေးတယ်။ အဲလိုနဲ့ပဲ ကျွန်တော် သတင်းစာဆရာဖြစ်ဖို့ဟာက ၁၉၅၃ လောက်မှာ ဖြစ်ဖို့ဟာ၊ မလုပ်ဖြစ်ဘူး။ အဲဒီတော့ ကျွန်တော်မလုပ်ဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ဘယ်သူသွားလဲဆိုတော့ စာရေးဆရာ မောင်နေ၀င်း။ ကျွန်တော်နဲ့အလွန်ကို ချစ်ခင်ရင်းနှီးတဲ့ ကိုနေ၀င်း၊ သွားလုပ်တယ်။ ဒါပေမဲ့ သူ့ခမျာလည်း သိပ်ကြာကြာတော့ မခံဘူး။ ကျွန်တော်ထင်တယ် တစ်လလောက်ပဲ လုပ်လိုက်ရတယ်။ သူလည်း အဖမ်းခံရပြီးတော့ ရန်ကုန်ထောင် ပြန်ပို့ခံရတဲ့ အကျဉ်းသားဖြစ်သွားရောပေါ့ဗျာ။ မောင်နေ၀င်းဟာ ဟုတ်လား၊ ထောင်ထဲရောက်တဲ့အခါကျတော့ အလွန်ကို နာမည်ကျော်ကြားတဲ့ “မိုးမြေသိမ့်သိမ့်” ဆိုတဲ့ ၀တ္ထုရှည်ကြီးကို ရေးပြီးတော့ နာမည်ကျော်စာရေးဆရာ ဖြစ်သွားတယ်။ ကျွန်တော်ပြောချင်တာက ဘာလဲဆိုတော့ ကျွန်တော်ကတော့ နိုင်ငံရေးအကျဉ်းသားလည်း မဖြစ်လိုက်ဘူး။ စာပေအကျဉ်းသားလည်း မဖြစ်လိုက်ဘူး။ အလားတူပဲ ကျွန်တော်က သူ့လို ကျော်ကြားတဲ့ စာရေးဆရာလည်း မဖြစ်လိုက်ဘူးပေါ့ဗျာ။ အဲဒီတော့ ကျွန်တော့် ဘက်ကတော့ နှစ်ခုစလုံး ဆုံးရှုံးတယ်၊ သူ့ဘက်က နှစ်ခုစလုံး ရလိုက်တယ်ပေါ့ဗျာ။

ဒါပေမဲ့ အဲဒီအချိန်မှာ၊ ကျွန်တော့်ဘက်က ချို့ယွင်းချက်လေးတစ်ခု သွားတွေ့ရတယ်ဗျ။ အခုပြန်ပြီးတော့ သုံးသပ်တဲ့အခါမှာ ပိုထင်ထင်ရှားရှား မြင်ရတယ်။ အဲဒါဘာလဲဆိုတော့ ကျွန်တော် အဲဒီ စာပေလောကနဲ့ပတ်သက်ပြီး ရုန်းကန်လှုပ်ရှား၊ စာရေးဆရာဖြစ်ချင်၊ သတင်းစာဆရာဖြစ်ချင်၊ ဟုတ်လား။ စာပေဂျာနယ်တွေသွား၊ မန္တလေးထိတက်သွားပြီးတော့ သတင်းစာဆရာဖြစ်ဖို့ ကြိုးစား နေတဲ့အချိန်ပေါ့ဗျာ။ သို့မဟုတ်ရင်လည်း စာရူးပေရူးဖြစ်နေတဲ့ အချိန်ပေါ့။

0 comments:

Post a Comment