ခေတ်ဝန် (၁၁)

ဟိုကစာဒီကစာ၊ အင်္ဂလိပ်စာတွေစုပြီးတော့ ဗမာလိုပြန်ရေးရတယ်ပေါ့ဗျာ။ အဲဒါတွေကိုမှ ကျွန်တော်က အယ်ဒီတာဆီတင်ပြ၊ အယ်ဒီတာကမှ အယ်ဒီတာချုပ်ဆီတင်ပြပြီးတော့ စာအုပ်ဖြစ်ဖြစ်ဘာဖြစ်ဖြစ် ထုတ်တယ်ပေါ့ဗျာ စသည်ပေါ့။ စာကိုပြုပေးတဲ့သူ၊ စာပြုအရာရှိခေါ်တယ်။ ကိုကျော်တင့်ကနေပြီးတော့ အဲဒါတွေခေါ်နေတယ်ဗျတဲ့ နော်၊ ခင်ဗျားလျှောက်ပါလားတဲ့။ ဆိုတော့ ကျွန်တော်ကလည်း ဘာမှလည်း လုပ်စရာလည်းမရှိဘူး၊ နောက်ပြီးတော့ စာပေပိုးလေးကလည်း နည်းနည်းဝင်နေပြီဗျ။ ကျောင်းကတော့ တက်နေတာပဲပေါ့ဗျာ ဟုတ်လား၊ ဥပစာတန်းလည်း ကျွန်တော် အောင်ပြီးပြီ။ ကျောင်းမှာလည်း နေတုန်းပဲ။
သို့သော် ကျွန်တော့်စိတ်ထဲမှာ စာပေလုပ်ငန်းပဲ လုပ်ချင်တော့တယ်ဆိုတော့ သူပြောတော့ အဲကောင်းသားပဲဗျာ ဆိုပြီးတော့ ကျွန်တော် လျှောက်လွှာလေးရေးတယ်ဗျာ။ ရေးပြီးတော့ သူ့လက်ထဲပဲ ပေးလိုက်တယ်။ သူကပဲ အဲဒါကိုယူပြီးတော့ လျှောက်လွှာတွေလက်ခံတဲ့ဌာနကို ပေးလိုက်တယ်ဗျ။ ပေးလိုက်ပြီး မေ့သွားရော ကျွန်တော် ဒီလိုပဲနေတယ်။ အဲဒါနဲ့ ပထမနှစ် ဘီအေ၀ိဇ္ဇာတန်းကို စပြီးတော့ တက်တယ်ဗျ။ အဲဒီတော့ကျွန်တော် ဘီအေကျတဲ့အခါကျတော့ ဘာယူလဲဆိုတော့ ဘာသာရပ် အနေနဲ့ကတော့ အဲဒီအချိန်မှာ ဗမာစာကျွန်တော်တို့ သင်စရာမလိုတော့ဘူးဗျ။ ဘီအေတန်းကျတဲ့ အခါကျတော့ မူရင်းအင်္ဂလိပ်စာလို့ခေါ်တဲ့ Compulsory English ပေါ့ဗျာ။ ဒါဘီအေမှာယူကိုယူရတဲ့ အင်္ဂလိပ်စာ။ နောက်တစ်ခုကတော့ Political Science လို့ခေါ်တဲ့ နိုင်ငံရေးဗေဒ သင်ရတယ်ဗျာ။ Modern History လို့ခေါ်တဲ့ ဥရောပခေတ်သစ်သမိုင်းကို ကျွန်တော်တို့ ယူရတယ်ဗျာ။ ပြီးတော့ English Literature ဆိုတဲ့ အင်္ဂလိပ်စာတွေကို ယူတယ်ဗျာ။ အဲဒီဘာသာကတော့ အဲဒီအချိန်တုန်းကတော့ အလွန်ထိပ်တန်းကျတဲ့ ဘာသာတွဲပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဟာက BCS တို့ဘာတို့ဆိုတဲ့ အဲဒီခေတ်တုန်းက ခေတ်စားတဲ့ အရာရှိ စာမေးပွဲတို့ဘာတို့ ၀င်ဖြေတာတို့၊ သို့မဟုတ်ရင်လည်း အစိုးရဌာန စာမေးပွဲတွေ ၀င်ဖြေတာတို့ နောက်တစ်ချက်ကလည်း ခုနကပြောသလို ဘာသာရပ်ဆိုင်ရာ အနေနဲ့ကျတော့လည်း နည်းနည်းဟို ဂုဏ်သရေနည်းနည်းပိုပြီးတော့ရှိတဲ့ ဘာသာတွဲပေါ့ဗျာ။ အဲ လူအများကြီးယူတာနဲ့ ကျွန်တော်လည်း အဲဒါ ကျွန်တော်လည်း ယူလိုက်တာပါပဲ။ ယူပြီးတော့ လက်ချာတွေတော့ ကျွန်တော် နားထောင်တယ်ဗျ။ ဒေါက်တာထင်အောင် သင်ပုံသင်နည်းတို့၊ ဒေါက်တာထင်အောင် ကဗျာကို ဖွင့်ဆိုပုံတို့ကို ကျွန်တော်သဘောကျတယ်၊ သွားနားထောင်တယ်ပေါ့ဗျာ။ ထူးထူးခြားခြားမှတ်မိတာကတော့ အိုမာခယမ်ဆိုတဲ့ ဗာရှင်ကဗျာပေါ့ဗျာ။ အီရန်..၊ အခုခေတ်တော့ အီရန်လို့ခေါ်တဲ့ နိုင်ငံကနေပြီးတော့ ကဗျာဆရာကြီး ထွက်တယ်ဗျနော်။ သင်္ချာပညာရှင်ကြီးလည်း ဖြစ်တယ်။ နောက်ပြီးတော့ ထင်ရှားတဲ့ ကဗျာဆရာကြီးလည်း ဖြစ်တယ်။ အိုမာခယမ်ရဲ့ကဗျာတွေကို ကျွန်တော် မှတ်မိတယ်။ နောက်ပိုင်းမှာကျွန်တော် အကျဉ်းထောင်ထဲရောက်တဲ့အခါမှာ အသုံးကျတယ်ပေါ့ဗျာ ဟုတ်လား။ အကျဉ်းထောင်ဆိုတာဟာ ကျောင်းသင်ခန်းနဲ့အတူတူပဲ၊ ထူးမခြားနားပဲ၊ ဆိုတဲ့ကဗျာမျိုးလေးတွေကို အဲဒီခေတ်ကစပြီးတော့ သင်ဖူးတယ်ပေါ့ဗျာ။ အလားတူပဲ ဒီ တက်နစ်ဆန်တို့ဘာတို့ဆိုတဲ့၊ ရောဘတ် ဘရောင်နင်တို့ဆိုတဲ့ ကဗျာတွေပေါ့ဗျာ။ နောက်ပြီးတော့ ကျွန်တော်တို့ ရှိတ်စပီးယားရဲ့ ပြဇာတ်တွေ၊ Othello တို့ဘာတို့ Macbeth တို့ဘာတို့ဆိုတဲ့ဟာတွေ ကျွန်တော်တို့ သင်ရတယ်။ ပြောရင်းဆိုရင်း မောင်စွမ်းရည်ရဲ့ ကဗျာတစ်ပုဒ်ကို သွားသတိရတယ်။ Macbeth ဘုရင်ကြီးက လူတွေဘာတွေ သတ်လွန်းအားကြီးတဲ့အခါကျတော့ မောင်စွမ်းရည်က ကဗျာတစ်ပုဒ်ရေးဖူးတယ်။ “ဆပ်ပြာ” ဆိုတဲ့ ကဗျာ။ ဗမာပြည်မှာကလည်း မဆလ လက်ထက်မှာ ဆပ်ပြာက အလွန်ရှားနေတဲ့အချိန်...။ ဒီ Macbeth ဘုရင်ကြီးကလည်း သူ့လက်ကိုဆေးချင်လို့ ဆပ်ပြာကလည်း မရှိဘူး။ သူ့လက်ဆေးချင်တဲ့အကြောင်းက ဘာလို့လဲဆိုတော့ သူသည်လူတွေသတ်လွန်းအားကြီးလို့ သူ့လက်ကလည်း သွေးစွန်းနေတဲ့လက်ပေါ့ဗျာ။ ဒီလက်ကိုဆေးဖို့ ဆပ်ပြာကလည်းမရှိဆိုတဲ့ အဲလိုဆန်ဆန်ကဗျာလေးတွေကို ကဗျာရေးတာ။ အလွန်ကျော်ကြားတဲ့ ကဗျာဗျာ။ အဲလိုပေါ့ဗျာ။ ပက်ထရန်ရီဇက်စာအုပ်တွေလည်း အများကြီးသင်ရတယ်။ H.G. Well ၀တ္ထုစာအုပ်တွေ အများကြီးသင်ရတယ်။ အလားတူပဲ နိုင်ငံရေးဗေဒနဲ့ပတ်သက်လို့လည်း ဒီ ဦးဘညွန့်က စကားပြောတာ တယ်ကောင်းတာကိုးဗျ။ အင်္ဂလိပ်စာကလည်း အသံနေအသံထား၊ အဖြတ်အတောက် တယ်ကောင်းတာကိုး။ အင်္ဂလိပ်တစ်ယောက်များ ပြောနေသလားလို့ ထင်ရအောင်ကို တော်တော်ကောင်းတဲ့၊ ပလေတိုတို့ဘာတို့ ခေတ်ကနေပြီးတော့၊ ဆော့ခရိတ်တီးဆိုပါစို့၊ ခေတ်ကနေပြီးတော့ ဟော့တို့လော့ဒ်တို့ စသည်ပေါ့ဗျာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ မျိုးစုံအကြောင်း၊ ဆိုတော့ ကျွန်တော်က ကျောင်းမတက်လှပေမယ့်လို့ ဆရာဦးဘညွန့်ရဲ့ လက်ချာလိုဟာမျိုး၊ ဒေါက်တာထင်အောင်ရဲ့ လက်ချာလိုဟာမျိုး၊ သွားပြီး တက်တက်နားထောင်တယ်ပေါ့ဗျာ။

၁၉၅၀ ခုနှစ် ဇွန်လောက်လည်းကျရော ကိုကျော်တင့်ကနေပြီးတော့ တစ်ရက် စာယူလာတယ်ဗျ။ စာပေဗိမာန်ရဲ့ စာပြုရာထူးအတွက်၊ ယူလာပြီး ကိုဝင်းတင်တဲ့ ခင်ဗျားစာမေးပွဲသွားဖြေပေတော့ ဆိုတော့၊ ဒါနဲ့ ကျွန်တော် တစ်ရက် အဲဒီမြို့မကျောင်းမှာ ဖြေရတယ်ဗျ။ ဖြေတဲ့လူက အားလုံးပေါင်း (၂၀၀) ကျော်ကျော်လောက်ကို ၀င်ဖြေကြတာဗျ။ ဘာဖြစ်လို့လဲဆိုတော့ စာပေဗိမာန်မှာက အလုပ်ချိန် သူများထက် တစ်နာရီလောက်လျော့တယ်ဗျ။ အဲဒီတော့ နယ်ကိုမသွားရဘူး ဟုတ်လား၊ လခကောင်းတယ်၊ ဒီဟာကိုဝိုင်းတိုးပြီးတော့ ဖြေကြတယ်ဗျ။ တစ်လလောက်ကြာတဲ့အခါကျတော့ ကျွန်တော်က စာမေးပွဲအောင်သွားတယ်ဗျ။ ကျွန်တော် မှတ်မိသလောက် ငါးယောက်အောင်တယ်ဗျ။ ၁၉၅၀ အောက်တိုဘာလဆန်း (၁) ရက်နေ့မှာ ကျွန်တော် စာပေဗိမာန်မှာ စာပြု စပြီးတော့ လုပ်ရတယ်ဗျ။ ၀န်ထမ်းယောင်ယောင်ဘာယောင်ယောင်နဲ့ ကျွန်တော် စာပေလောကထဲကို ရောက်တယ်လို့ ဆိုရမှာပေါ့ဗျာ။ စာပေဗိမာန်ကိုရောက်တဲ့အခါကျတော့  စာပေလောကသတင်းစာလောကမှာ လူတွေရဲ့ဆက်ဆံပုံ၊ ပြောဆိုပုံ၊ အလုပ်လုပ်ပုံ၊ အသိုင်းအ၀ိုင်းတွေက တော်တော်ကွာတာပဲဗျာ။ စာပေဗိမာန်က အစိုးရရုံးကြီးတစ်ရုံးမှာ အရာရှိကြီးလုပ်ကိုင်နေသလို ဖြစ်နေတယ်ဗျ။ ကျွန်တော့်မျက်စိထဲမှာ နည်းနည်းမှမပျော်ပိုက်ဘူး။ သို့သော် အဲဒီလို ခမ်းကြီးနားကြီးနဲ့ လူတွေနေထိုင်လုပ်ကိုင်နေတဲ့ ဌာနမှာပဲ၊ ကျွန်တော့်ကို လူရာသွင်းပြီးတော့ စကားပြောတဲ့ စာရေးဆရာကြီးတွေလည်း ကျွန်တော်သွားတွေ့ရတယ်ဗျ။ အဲဒီထဲမှာ ကျွန်တော်မှတ်မိတဲ့လူဆိုရင်တော့ အကြီးဆုံးပုဂ္ဂိုလ်ကတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ပေါ့ဗျာ။ စာပေကျေးဇူးရှင် သတင်းစာလောကတို့ဘာတို့မှာ ကျွန်တော်အလုပ်လုပ်ကိုင်နေတဲ့အချိန်...။

1 comments:

Notes on Web of My Pieces said...

ရှေ့အပတ်မှာ ခေတ်ဝန်(၁၂) တင်ဆက်ပါမည်.....း)

ဖတ်လို့ ပိုပိုကောင်းလာတယ်..စာလည်း သွက်လာသလိုပဲ...မလေးတော့ဘူး..။

စောင့်မျှော်နေပါမည်..။း)

Post a Comment