ခေတ်ဝန် (၃)

၁၉၄၁ ခုလောက်မှာတော့ မြန်မာနိုင်ငံကို ကမ္ဘာစစ်ကြီး ကူးလာခဲ့ပါပြီ။ ဦးဝင်းတင်တို့ မိသားစုလည်း တခြား ရန်ကုန်မြို့သားတွေနည်းတူ စစ်ရန်က ပြေးခဲ့ကြရပါတော့တယ်။

ကျွန်တော့် အဘိုးအဘွားများရှိတဲ့ ကြို့ပင်ကောက်ပဲ ပြေးရတာပေါ့ဗျာ။ အဲဒီတော့ ရထားတွေ ဆိုရင်လည်း ကြပ်လိုက်တာမှ။ ရထားခေါင်မိုးပေါ်တွေမှာ၊ ဘေးက တွဲတွေမှာ အဲဒါတွေကို အတင်းတိုးဝှေ့ပြီးတော့ ကျွန်တော်တို့အိမ်ကလည်း ရှိသမျှပစ္စည်းလေးတွေ ပါမှာပေါ့ဗျာ။ ပန်းကန်ခွက်ယောက်တို့လိုဟာမျိုး၊ အိပ်ယာလိပ်တို့ဘာတို့ ဒါတွေလည်း ပါမှာပေါ့ဗျာ။ အိမ်တွေကလည်း ထားပစ်ခဲ့ရတယ်။ တချို့ဟာလေးတွေ ကျွန်တော့် ကစားစရာကအစ ကျန်ခဲ့တယ်ပေါ့ဗျာ။ စစ်ဆိုတာ အတော်မုန်းစရာကောင်းပါလားဆိုတဲ့ အတွေးအခေါ်လေးကို ကျွန်တော်စပြီးတော့ ရင်ထဲမှာပေါ့ဗျာ ဒါလေးသွားစွဲတယ်ဗျ။ နောက်တစ်ခုကတော့ ဘာလဲဆိုတော့ တစ်နေ့သောအခါမှာ ကျွန်တော့်ရဲ့ဘ၀ကိုပေါ့၊ ပြုပြင်မယ့်ဟာပဲခေါ်ခေါ် ကျွန်တော့်ရဲ့ဘ၀ကို လမ်းကြောင်းမယ့်ဟာလို့ပဲ ပြောပြော၊ အနုပညာပေါ့၊ ကဗျာဆိုတဲ့ဟာလေး ကျွန်တော့်ရင်ထဲမှာ စစွဲလာပြီဗျ။ ကျွန်တော် အဲဒီအချိန်မှာ စတာပဲဗျ။ ဒီလိုဗျ။ ကျွန်တော့်အဖေက အဲဒီအချိန်တုန်းက နာမည်ကြီးတဲ့ ၀ိပဿနာဂိုဏ်းနဲ့ သွားတွဲမိတယ်ဗျ။ ကျွန်တော်တို့အိမ်ကလည်း နည်းနည်းလေး အောက်ထပ်တွေဘာတွေမှာ ကျယ်တယ်ဗျ။ တရားပွဲပုံမှန်လုပ်တယ်၊ ၀ိပဿနာတရားပွဲ။ ကျွန်တော့်အဖေကလည်း စနွင်းမကင်းလုပ်တယ်ဗျာ။ စသည် ကျောက်ကြောလုပ်တယ်၊ စမူဆာကြော်တယ်၊ ပလာတာလုပ်တယ်၊ စသည်ပေါ့ဗျာ။ ဧည့်ခံတာပေါ့ဗျာ။ ကျွန်တော့်အဖေက ကျွန်တော့်ကို လယ်တီဆရာတော်ဘုရားရဲ့ ပဋိစသမုပ္ပါတ်လင်္ကာကြီးဆိုတာ ရှိတယ်ဗျ။ ကျွန်တော့်ကို အဲဒါကို ကျက်ခိုင်းတယ်ဗျ။ ကျက်ခိုင်းပြီးတော့ ၀ိပဿနာပွဲကျရင် သူက မုန့်ကျွေးတယ်၊ ကျွန်တော့်အဖေက၊ လာတဲ့ဧည့်သည်တွေကို တရားပွဲမစခင်ပေါ့ဗျာ။ ပြီးရင် ကျွန်တော့်ကို အမြဲတမ်းထပြီးတော့ ပဋိစသမုပ္ပါတ်လင်္ကာကြီးထဲကနေပြီးတော့ တစ်ပိုဒ်ချင်းတစ်ပိုဒ်ချင်း ကျွန်တော့်ကို ရွတ်ခိုင်းတယ်ဗျ။ ကျွန်တော်လည်း ဘာသိမှာလဲဗျာ၊ အသက်ကိုးနှစ်သား ဆယ်နှစ်သားဆိုတဲ့အခါကျတော့ ဒါတွေလျှောက်ကျက်တာပေါ့၊ ကျက်ပြီးတဲ့အခါကျတော့ အဲဒီလူကြီးတွေရှေ့ ထပြီးတော့ အလွတ်ရွတ်ပြရတာပေါ့ဗျာ။ ဆိုတော့ လူကြီးတွေကလည်း ကျွန်တော့်ကို ကောင်းတယ်ဘာညာ၊ အဲလိုပြောကြတာပေါ့ဗျာ။ ကျွန်တော့်စိတ်ထဲမှာ ရွတ်ရဖတ်ရတယ်ဆိုတာလည်း အရသာတွေ့တယ်။ ကဗျာမှာလည်း အရသာတွေ့တယ်။ ဒါ့အပြင်ကို ခုနပြောသလို သူများကနေပြီးတော့ ကိုယ့်ကို ချီးကျူးတဲ့အခါ၊ အဲလိုဟာမျိုးကို တွေ့တဲ့အခါကျတော့ ဒီအနုပညာရဲ့သဘောလေးကို ကျွန်တော့်စိတ်ထဲမှာ ခုနပြောတဲ့ စစ်ကိုမကြိုက်တဲ့စိတ်ကလေး ငြိတွယ်သလိုပဲ အနုပညာအပေါ်မှာ အသက်ဝင်တဲ့စိတ်ကလေးက ငြိသွားတယ်ဗျ။ အင်္ဂလိပ်ခေတ်တုန်းက ကြုံခဲ့ရတဲ့ ကျွန်တော့်ရဲ့ ဘ၀ပဲဗျ။



အင်္ဂလိပ်ခေတ်အပြီး ဂျပန်ခေတ်ကို ဖြတ်သန်းရတဲ့နှစ်တွေကတော့ ဦးဝင်းတင်အသက် (၁၁) နှစ်ကနေ (၁၅) နှစ်လောက်အတွင်း ဖြစ်ပါတယ်။

ဖက်ဆစ်ခေတ်ကြီးဆိုတော့ တကယ့်အမှောင်ခေတ်ကြီးဗျာနော်။ ဂျပန်ကင်ပေတို့ဘာတို့ကလည်း ဟိုလူ့ဖမ်း ဒီလူ့ဖမ်း၊ အဲ ကျွန်တော်တို့အရွယ်တော့လည်း ဆယ်နှစ်ဆယ့်တစ်နှစ်ဆိုတော့.. အဖမ်းခံရမယ့်ကိစ္စကတော့ ကျွန်တော်တို့မှာ ဒီအန္တရာယ်ကတော့ ခြိမ်းခြောက်နေတယ်လို့ ကျွန်တော်တို့ မပြောနိုင်ပေမယ့်လို့ ကျွန်တော်တို့ရဲ့ သားချင်းတွေထဲမှာ၊ ဆွေမျိုးတွေထဲမှာ၊ အသိမိတ်ဆွေတွေထဲမှာ တော်ကြာဟိုလူ့ဖမ်းသွားပြန်ပြီ၊ ကင်ပေတိုင် ကင်ပေတိုင်ဆိုတဲ့စကားကလည်း၊ ကင်ပေတိုင်ဆိုတာကတော့ ဒီခေတ်စကားနဲ့ပြောရင်တော့ တို့ဘာတို့ပေါ့ဗျာ။ အမ်အိုင်အက်စ်တို့ဘာတို့ပေါ့ဗျာ၊ စစ်ထောက်လှမ်းရေးတို့ဘာတို့ပေါ့။ ဂျပန်စစ်ထောက်လှမ်းရေးပေါ့။ အဲဒီတော့ ဂျပန်ကင်ပေတိုင်က ဖမ်းသွားပြန်ပြီတို့၊ ဒီလူ့တော့ နှိပ်စက်လွှတ်လိုက်ပြန်ပြီတို့၊ ဒီလူတော့ ဖမ်းသွားတဲ့အထဲ သေပြန်ပြီတို့၊ အဲ ပြန်ထွက်လာတဲ့လူတွေမှာလည်း အကျိုးအကန်းတွေဖြစ်လာ၊ သို့မဟုတ်လည်း ခြေသည်းလက်သည်း အခွာခံရတဲ့လူတွေတို့ စတဲ့သတင်းမျိုးတွေကတော့ ကြားနေတာဗျ။ ထားပါတော့ အဲဒီခေတ်ကြီးထဲမှာ အသက်အရွယ်လေးကလည်း (၁၁) နှစ် (၁၂) နှစ်လောက်ဖြစ်လာတဲ့အခါကျတော့ ကျွန်တော် ကိုရင်ဝတ်တယ်ဗျ။ ကိုရင်ဝတ်တဲ့အခါကျတော့ ကျွန်တော့်မှာ ဒီ ဘာသာရေးစိတ်က တော်တော်ထက်သန်လာတယ်ဗျ။ ရှင်းရှင်းပြောရရင် ကျွန်တော် တစ်သက်လုံး ဘုန်းကြီးဝတ်တော့မယ်လို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်ဗျ။ ဆုံးဖြတ်ပြီး တစ်ခါတည်း ကျွန်တော် မထွက်တော့ဘူးဗျ။ ကျွန်တော် မထွက်တာမှ တစ်ဝါကနေပြီးတော့ ၀ါကျွတ်တဲ့အထိ အိမ်ကထွက်ခိုင်းတာ မထွက်လို့ ကျွန်တော် တံဆောင်တိုင်အထိကို ထပ်ပြီးတော့ ၀တ်လိုက်သေးတယ်ဗျ။ ဒါပေမဲ့ အံ့သြစရာကောင်းတာက ဒီ ဘာသာရေးသက်ဝင်ယုံကြည်မှု ခံစားချက်ကလေးဟာ (၁၁) နှစ် (၁၂) သားမှာ ပြင်းပြင်းထန်ထန်ကြီး ပေါ်ခဲ့တယ်။ နောက်ပိုင်းနောက်ပိုင်းမှာလည်း အခါအားလျော်စွာ ဟိုအခါပေါ်လိုက် ဒီအခါပေါ်လိုက်၊ ဟိုနေရာမှာပေါ်လိုက်၊ ဒီနေရာမှာပေါ်လိုက်၊ ဖြစ်ခဲ့သော်ငြားလည်း တစ်ဖြည်းဖြည်းနဲ့ အသက်ကြီးလာတာနဲ့အမျှ အဲဒီ ဘာသာရေးဘက်ကို ကိုင်းညွတ်မှုပေါ့ဗျာ၊ အဲ အဲဒီခံစားချက်ဟာ လျော့လျော့လျော့လျော့လာတယ်ဗျ။ လျော့လာတယ်ဆိုတာ ကျွန်တော် ဘာသာရေးအပေါ်မှာ ယုံကြည်မှုပျက်ပြားခြင်း၊ ဒီလိုမဟုတ်ဘူးဗျ။ သာမန်ပဲ ကျွန်တော် နည်းနည်းလျော့လာတယ်။ ဒါ ကျွန်တော် ပွင့်ပွင့်လင်းလင်းဝန်ခံရတာပေါ့ဗျာ။ နိုင်ငံရေးအားဖြင့် ဖိနှိပ်မှု၊ ဟုတ်လား ကန့်သတ်မှုတွေ ခံခဲ့ရတယ်။ နောက်ဆုံး ထောင်ထဲရောက်လာတယ်။ ထောင်ထဲကျတော့ တစ်ခါတည်း ရိုးရိုးတောင်မဟုတ်ဘူး၊ တိုက်ပိတ်ခံရတယ်။ ဒီလိုအတွေ့အကြုံတွေ ရှိပေမဲ့လို့ ဘာသာရေးစိတ်က ပိုပြီးတော့ ထက်သန်ပြီးတော့ ပြင်းပြလာတာမရှိဘဲနဲ့ လျော့ပါးတယ်ပေါ့ဗျာ။ အဲဒါဟာ တော်တော့်ကို ဆန်းတယ်လို့ ကျွန်တော်က ဒီနေရာမှာ ထည့်ပြောတာပဲ။ ကျွန်တော် ဘာကိုတွေးမိလဲဆိုတဲ့အခါကျတော့ လူတွေမှာ ဘာသာတရားတို့၊ ဘာသာတရားကိုကိုင်းရှိုင်းခြင်းတို့ဆိုတာ ဒါ အလွန်လိုအပ်တဲ့အရာပဲလို့ ကျွန်တော် တွက်မိပါတယ်။ ကျွန်တော်သဘောပေါက်တယ်။ သို့သော် အဲဒီ ဘာသာတရားကို ရိုသေခြင်း၊ ကိုင်းရှိုင်းခြင်းဆိုတဲ့ စိတ်တွေဟာလည်း တစ်ခါတလေကျတော့လည်း အလွန်ထက်သန်သွားနိုင်သလို တစ်ခါတလေကျတော့လည်း မှေးမှိန်သွားနိုင်တယ်လို့ဆိုတာ ကျွန်တော့်ကိုယ်တွေ့ပဲဆိုတာ ပြောချင်တယ်။ ဒါ ကျွန်တော်ထင်တယ်၊ အဲ လူတွေကြားထဲမှာလည်း စိတ်ဝင်စားစရာ ကောင်းသင့်သလောက် ကောင်းမယ်လို့ထင်လို့ ကျွန်တော် ဒီဟာကို ထည့်ပြောတာပါ။

ဆရာဦးဝင်းတင်ကို သူ့ဖခင်က ပထမဦးစွာ ကြို့ပင်ကောက်မှာ အင်္ဂလိပ်စာ သင်ခိုင်းပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အင်္ဂလိပ်စာကို ရေရှည် သင်ကြားခွင့် မရခဲ့ပါဘူး။ အဲဒီနောက် ရန်ကုန်ကို ပြန်ခေါ်လာပြီး နာမည်ကျော် အရှင် ဦးဥတ္တမရဲ့ ညီမဖြစ်သူ ဒေါ်အိမ်စိုးကျောင်းမှာ ဂျပန်စာ သင်ခိုင်းပါတယ်။ ဒါပေမဲ့ ဂျပန်စာကိုလည်း သူ ကြာကြာသင်ခွင့် မရခဲ့ပါဘူး။ အဲဒီအချိန်မှာပဲ တစ်ပြည်လုံးကို အင်္ဂလိပ်ကစပြီးတော့ ဗုံးကြဲလာပြီ လေယာဉ်ပျံတွေက ပျံသွား၊ မြို့တွေရွာတွေ လူစုစုမြင်တာ၊ စက်ရုံအလုပ်ရုံလိုဟာမျိုး မြင်တယ်ဆို စက်သေနတ်နဲ့ပစ်တယ်၊ ဗုံးကြဲတယ်၊ ဒါတွေလုပ်နေပြီခင်ဗျ။ အထူးသဖြင့်တော့ “ကျွဲညီနောင်” က နာမည်ကြီးပေါ့ဗျာ။ ရန်ကုန်ဆိုတာမျိုးကတော့ ပြောမနေနဲ့တော့ နေ့ရော ညရော ပစ်တာပဲဗျ။ နေ့ခင်းပိုင်းလာတဲ့အသုတ်ကလာ၊ ညပိုင်းဆိုလို့ရှိရင် ကျွန်တော်တို့ မီးမောင်းကြီးတွေ ထိုးပေါ့ဗျာ။ မီးမောင်းကြီးတွေ ထိုးတဲ့အခါ လေယာဉ်ပျံလေးတွေကို မီးနှစ်ခုသုံးခုနဲ့ ပြိုင်စုံမိလို့ မိနေပြီဆိုရင် အဲဒါကို အောက်က အမြောက်တွေနဲ့ ပစ်ပေါ့ဗျာ။ လေယာဉ်ပျံတွေက သိပ်ကျတယ် မရှိပါဘူးဗျာ။ ပျံသွားတာပါပဲ။ သူ့ဘာသူ မီးမောင်းကြီးတွေ ထိုးပေါ့။ သို့သော် အဲဒီ ဗုံးတွေကတော့ ကျွန်တော်နေတဲ့ဟာကလည်း အဲဒီ (၁၄) လမ်းဆိုတော့ မြို့လယ်ကောင်စစ်စစ်ကြီး မဟုတ်သော်လည်းပေါ့ဗျာ၊ ဗုံးတွေက အဲဒီနားတစ်ဝိုက်တော့ ကျနေတယ်ဗျ။ နောက်ဆုံး ဂျပန်စာလည်း မင်း သင်မနေနဲ့တော့၊ အင်္ဂလိပ်စာလည်း မတတ်ဘူး၊ တောသာပြန်ပေတော့ဆိုပြီးတော့ ကျွန်တော့်အဖေက ပြန်ပြီးတော့ခေါ်တော့ ကျွန်တော် ကြို့ပင်ကောက် ပြန်ရောက်တာပေါ့ဗျာ။ ဗမာလိုပဲသင်တဲ့ ကျောင်းမှာပဲ ကျွန်တော် ပြန်နေတယ်ပေါ့ဗျာ။ ကြို့ပင်ကောက်မြို့ အထက်တန်းကျောင်းပေါ့။ ဆရာကြီး ဗိုလ်ဖိုးကွန်းဆိုတာ၊ သံအမတ်ကြီးဖြစ်ခဲ့ဖူးတဲ့ ဆရာကြီး ဦးဖိုးကွန်းပေါ့ဗျာ။ ဗိုလ်မှူးဖိုးကွန်းက ကျွန်တော်တို့ အဲဒီ ကြို့ပင်ကောက်ကျောင်းမှာ ကျောင်းအုပ်ကြီး၊ သို့သော် သူက စစ်ထဲကို ရောက်သွားပြီးတော့ ဘယ်သူ သူ့နေရာကို ဆက်ခံလဲဆိုတော့ ကျောင်းဆရာကြီးအနေနဲ့က ဆရာကြီး ဦးစံမြင့်ဆိုတာ၊ နောက်ပိုင်းကျတော့ ဟံသာဝတီသတင်းစာမှာ အယ်ဒီတာလုပ်တယ်။ နောက်ပိုင်းကျတော့ ပညာရေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဖြစ်ခဲ့တဲ့ ဆရာကြီး ဦးစံမြင့်ပေါ့။ ဆိုတော့ ကျောင်းတွေက ဖွင့်တယ်လို့တောင်မှ ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖွင့်မယ်ဆိုတစ်ခါ နေ့ခင်းမှာ လေယာဉ်ပျံတွေက ဖြတ်သွားပြီးတော့ စစ်သေနတ်တွေပစ်၊ ဗုံးချတဲ့အခါ ချဆိုတဲ့ အခါကျတော့ တစ်ခါတလေကျတော့ ကျောင်းရောက်တာနဲ့ ပြန်လွှတ်လိုက်တယ်။ တစ်ခါတလေ ဆရာကိုက မလာတာရှိတယ်။ အဲဒီ ဂျပန်ခေတ်ကျောင်းမှာ ဆရာဦးဘသိန်းဆိုတာ ရှိတယ်ဗျ။ အလွန် တပည့်တွေအပေါ်မှာ အလွန်ချစ်တဲ့ဆရာ။ အလွန် တပည့်တွေကို အသိပညာအသစ်တွေ ရစေချင်တယ်။ အဲဒီတော့ သူကဘာလုပ်လဲဆိုတော့ ဗုံးတွေ လာလာကြဲတဲ့အတွက် ကျောင်းတွေလည်း ပုံမှန်မဖွင့်နိုင်တဲ့အတူတူ မင်းတို့တွေ၊ တောရွာကို တို့ လေ့လာရေး သွားကြမယ်။ သူက စကောက်တွေဘာတွေ ဆရာတွေ လုပ်ခဲ့ဖူးတာကိုးဗျ။ အဲဒီတော့ စကောက်နည်းတွေကို သုံးပြီးတော့ သစ်ပင်တွေမှာ အမှတ်အသားလုပ်တို့၊ ဟုတ်လား အခြားအခြားသောနည်းတွေနဲ့ လုပ်ပြီးတော့ ရွာတွေကို လမ်းလျှောက်ခိုင်းတယ်ခင်ဗျ။ အဲဒီတော့ ကျွန်တော်တို့ တစ်နည်းအားဖြင့် (၁) က ဘာလဲဆိုတော့ ကျောင်းသားတွေ ဗုံးဒဏ်၊ စက်သေနတ်ဒဏ်နဲ့လည်း ဝေးသွားတယ်ပေါ့ဗျာ။ အဲဒီတော့ ကျွန်တော်နောက်ပိုင်းမှာ ခရီးတော်တော်ထွက်တယ်ဗျ။ ခရီးလည်း ၀ါသနာပါတယ်။ အဲဒါက အဲဒီ ဂျပန်ခေတ်ကရတဲ့ မျိုးစေ့လို့တောင်မှ ကျွန်တော် ပြောနိုင်ပါတယ်။ နောက် ကျောင်းနေရင်း အတွေ့အကြုံတစ်ခုကတော့ အဲဒီအချိန်မှာ ကျွန်တော်တို့ နံရံကပ်စာစောင်တွေ ထုတ်တယ်ဗျ။ ဒါ ကျွန်တော် ပထမဦးဆုံး ကျွန်တော်ရေးတဲ့စာ၊ ကျွန်တော်ရေးတဲ့ကဗျာ၊ ပုံနှိပ်စာလုံးနဲ့ မဟုတ်သော်ငြားလည်း၊ လူမြင်သမြင်ပေါ့ဗျာ၊ ပထမဆုံးအကြိမ်ပေါ့ဗျာ။ အဲဒါက ၁၉၄၃ လောက်၊ ကျွန်တော် (၁၃) နှစ်သားလောက်က သစ်ပင်အကြောင်းတို့၊ တောအကြောင်း တောင်အကြောင်းပေါ့ဗျာ၊ ကောင်မလေးတွေအကြောင်းတော့ ကျွန်တော် သိပ်ပြီးတော့ မရေးဖြစ်ပါဘူး။ ဒါ့ကြောင့်လည်း နောက်ပိုင်းမှာ ကျွန်တော် ဒီလိုကိစ္စတွေနဲ့များ သိပ်ပြီးတော့ ကင်းရှင်းသလားမသိဘူး။ ဒါက ကျွန်တော် စာပေနဲ့ပတ်သက်ပြီးတော့ မျိုးစေ့ရတာကို ကျွန်တော် မှတ်မိတာပေါ့ဗျာ။

ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကိုလျှောက်ခြင်း အပိုင်း (၃) ကို ဒီမှာတင် ရပ်နားခွင့်ပြုပါ။ ရှေ့လာမယ့် အပတ်မှာ ဦးဝင်းတင် အာရှလူငယ်အစည်းအရုံးမှာ လှုပ်ရှားပုံတွေကို နားဆင်ရမှာ ဖြစ်ပါတယ်ခင်ဗျာ။

0 comments:

Post a Comment