သာယာဝတီထောင် လက်ပါးနဲ့ အရူးတိုက် (၁)

ရေးသားသူ ◄ လန်ထောင်စပ်စုလေး ►

စပ်စု ၈၉-စက်တင်ဘာမှာ ပုဒ်မ-၅ညနဲ့ ၅-ဆောင်၊ ၂-ခန်းကိုရောက်တော့ နိုင်ငံရေးအကျဉ်းသားတွေ တထောကြီးရှိနေတာ တွေ့ရတယ်။ ၈၈-နောက်ပိုင်း ပထမဦးဆုံး နိုင်ငံရေးအကျဉ်းသားတွေပေါ့။ လူတန်းစားပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ၊ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် အစုံပါဘဲ။ အသက် ၁၆နှစ် ကနေ ၂၅နှစ်ကြား ကျောင်းသားလူငယ်တွေကတော့ အများဆုံးဘဲပေါ့။ ထောင်ကျနေကြတာကို အသာထားပြီး အားလုံးလိုလို စားသောက် နောက်ပြောင်ဆော့ကစားလို့ ဆွေးနွေးတိုင်ပင် အမြင်ချင်း ဖလှယ်နဲ့ ပျော်ပွဲစားထွက်လာကြသလိုပါဘဲ။ ယောက်ျားတွေချည်းဘဲ ရှိတဲ့နေရာဆိုတော့ ဖုံးဖုံးလွှမ်းလွှမ်း အမြဲမနေ၊ အရှက်အကြောက်နည်းသူတွေလဲ အနည်းအကျဉ်းပါတာပေါ့။

၈၉-အောက်တိုဘာမှာ အန်ကယ်ဦးဝင်းတင် ( NLD ဗဟိုကော်မတီဝင်) ၅ဆောင် ၂ခန်းကိုရောက်လာပါတယ်။ အဆောင်တွင်း စိုက်ခင်းတနေရာမှာ အန်ကယ်နဲ့ စကားပြောခွင့်ရတော့ စပ်စုအဖေ လန်ထောင်ဦးစပ်စု ကိုသိကြောင်း၊ ဦးစပ်စုရေးတဲ့ နိုင်ငံရေးစာအုပ်တွေ ဖတ်ဘူးကြောင်း အန်ကယ်က ပြောပြပါတယ်။ ပြီးတော့ “ မင်းတို့ကျောင်းဆရာတွေ အနေနဲ့ ကျောင်းသားလူငယ်တွေကို တတ်နိုင်သမျှ စေါင့်ရှောက် ထိန်းသိမ်းဘို့လိုတယ် ” လို့ အန်ကယ်ဦးဝင်းတင်က အဆောင်တွင်းလူငယ်တွေကိုစိတ်မချလို့ သြ၀ါဒပေးပါတယ်။ နောက်မကြာခင် အန်ကယ် သီးသန့်ဖက် ပြောင်းသွားရပါတယ်။



အချိန်ကြာလာတာနဲ့အမျှ နိုင်ငံရေးအကျဉ်းသားလူငယ်တွေ စည်းကမ်းလျော့ရဲ လာတယ်။ သူ့အုပ်စုကိုယ့်အုပ်စုနဲ့ အုပ်စုလဲဖွဲ့လာကြတယ်။ ကိုယ့်အချင်းချင်း စည်းကမ်းထိန်းဘို့ အခန်းလူကြီးခန့်ထားရေးမှာတောင် သဘောထားကွဲကြတယ်။ ထောင်မှူးတွေကလဲ တင်းရကောင်းနိုးနိုး လျော့ရကောင်းနိုးနိုး ဝေခွဲမရ ဖြစ်နေကြရတယ်။ ဒီလိုနဲ့ ထူးထူးဟန်နဲ့ ထောင်မှူးစိုးဦး ပြဿနာတက်တော့တာဘဲ။

ထောင်ထဲမှာ““ ဂျွတ် ”” ပေါက်တာ မဆန်းပါဘူး။ ကပ္ပါယ်အိတ်မှာ ပေါက်တဲ့ ယားနာတမျိုးပါ။ ပေါက်လိုက် ကိုယ်ကပြန်ခွါလိုက်၊ ခွါလိုက် ပြန်ပေါက်လိုက်နဲ့ တော်တော်နဲ့ မပျောက်တဲ့ ယားနာတမျိုးပါ။ တနေ့ ရေချိုးချနေတုံး ထူးထူးဟန် က အတွင်းခံဘောင်းဘီ ဟပြီး ပယ်ပယ်နယ်နယ် ဂျွတ်ခွါနေပါတယ်။ သူနဲ့မျက်နှာချင်းဆိုင် ခပ်လှမ်းလှမ်းမှာက ထောင်မှူးစိုးဦး ထိုင်နေပါတယ်။ မကြာပါဘူး သူ့ကိုလှန်ပြတယ်ဆိုပြီး ထူးထူးဟန်ကို ထောင်မှူးစိုးဦးက ခေါ်ပြီး ပါးရိုက်လိုက်ပါတယ်။ ထူးထူးဟန်ကလည်း ချက်ချဉ်း အခန်းထဲပြန်ဝင်ပြီး သူ့ကို ထောင်မှူး က ပါးရိုက်လိုက်တယ်ဆိုတဲ့အကြောင်း သူ့အဖွဲ့ဝင်တွေကို ပြန်လာပြောပါတယ်။ တခန်းလုံးကြားအောင် အော်ပြောတာမို့ မကျေနပ်တဲ့ လူငယ်တွေ အော်ဟစ်စုရုံးပြီး အခန်းအပေါက်ဝကို စုပြုံထွက်လာကြတယ်။ ထောင်မှူးကို ရိုက်မယ် ပုတ်မယ် ဆုံးမမယ် ပေါ့။


ဒါကိုတွေ့လိုက်ကြတဲ့ စပ်စုတို့လူကြီးတွေ ၃-၄ ယောက်လဲ မြန်မြန်ဆန်ဆန်ဘဲ အခန်းအပေါက်ဝ ကို ပြေးပြီး အပြင်ကနေ အထဲကလူငယ်တွေမထွက်နိုင်အောင် စုပြုံပိတ်ထားလိုက်ကြတယ်။ ဒေါသရှေ့ထားမလုပ်ဘို့၊ ပြေပြေလည်လည် ဖြေရှင်းကြဘို့ ကျောင်းသားလူငယ်တွေကို ၀ိုင်းတောင်းပန်ကြတယ်။ ဒါပေမဲ့ မရဘူး။ ဒါနဲ့စပ်စု၊ အနီးမှာရှိတဲ့ အမြင့်တခုပေါ်တက်ပြီး ကျောင်းဆရာလေသံ ကျောင်းဆရာဟန်နဲ့ “ မင်းတို့ရဲ့ဒေါသနဲ့
ငါတို့ရဲ့ ဒီမိုကရေစီကို ဖျက်ဆီး မလို့လား” ဆိုပြီး မာန်ပါပါ ပြောလိုက်မိတယ်။ စပ်စု စကားကြားတော့ မိဘဆရာ အုပ်ထိန်းမှုအောက်က ကင်းကွာတာ မကြာသေးလို့လား၊ ဒီမိုကရေစီ ဆိုတဲ့စကားကြောင့်လားမသိ၊ ကျောင်းသားလူငယ်တွေ ၃ပုံ ၂ပုံလောက်ရှဲ သွားတယ်။ ကိုယ်နေရာကိုယ် ပြန်လှည့်သွားကြတယ်။ အနည်းအကျဉ်းလောက်သာ ထောင်မှူးနဲ့ သွားတွေ့ကြတော့တယ်။

ထောင်မှူးကို ကာကွယ်မဲ့ ၀န်ထမ်းတွေနဲ့ ရာဇ၀တ်အကျဉ်းသားတွေက တဖက်၊ နိုင်ငံရေးအကျဉ်းသားတွေက တဖက် ထိပ်တိုက်ရင်ဆိုင် တွေ့ကြမလို့ သီသီကလေးလွတ်သွားတာပေါ့။ အန်ကယ်ဦးဝင်းတင်ရဲ့ ““ မင်းတို့ ကျောင်းဆရာတွေ၊ ထောင်ထဲမှာလဲ မင်းတို့ ကျောင်းဆရာတွေဘဲ၊ ကျောင်းသားလူငယ်တွေကို စေါင့်ရှောက်ထိန်းသိမ်းရမဲ့တာဝန် မင်းတို့မှာ အမြဲအပြည့်ရှိတယ်”” လို့ အဓိပ်္ပါယ်ရတဲ့ အမြော်အမြင်ကြီးလှတဲ့ သြ၀ါဒက အသက်ပေါင်းများစွာကို ကယ်တင်လိုက်တာပါဘဲ။ စပ်စုထောင်တွေထဲမှာနေခဲ့ရတဲ့ ၃-နှစ်နီးပါးလုံး အန်ကယ်ရဲ့ ဒီသြ၀ါဒကိုအမြဲခံယူခဲ့ပြီး “ ထောင်ထဲမှာ အများကို စေါင့်ရှောက်ခြင်းဟာ မိမိကိုယ်ကို၊ မိမိအသက်ကို စေါင့်ရှောက်ခြင်းဘဲ ”လို့မှတ်သားလိုက်နာခဲ့ပါတယ်။

ဒီလိုနဲ့ မကြာပါဘူး အင်းစိန်ထောင်က နိုင်ငံရေးနဲ့ ပတ်သက်သူအများစု၊ နံမည်ကြီး သာယာဝတီထောင်ကို ပြောင်းကြရတယ်။ သာယာဝတီထောင်ရဲ့ ရာသီဥတု၊ အစားအသောက်၊ ကျန်းမာရေး စေါင့်ရှောက်မှု ညံ့ဖျင်းဆိုးဝါးမှုတွေကို နိုင်ငံရေး အကျဉ်းသားတွေ အလူးအလဲ ခံခဲ့ကြရတယ်။ ကိုဇာနည် ခေါ် မောင်မောင်ညွန့် ရဲ့ ယနေ့(၂၀၀၆) အထိခံစားနေရတဲ့ အောက်ပိုင်းချိပြီး လမ်းမလျှောက်နိုင်တော့တဲ့ ဒဏ်ဟာ သာယာဝတီထောင်မှာ စတင် အခြေဆိုးခဲ့တာပါ။ NLD လူငယ် မောင်မောင်အေး (တင်းပုတ်) ၊ NLD လူငယ် ကိုသန်းဝင်း တို့ ၂-ယောက် သာယာဝတီထောင်ရောက်ပြီး မကြာခင်မှာဘဲ ၀မ်းပျက်ဝမ်းလျောရောဂါနဲ့ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပါတယ်။ စပ်စု အမည်မမှတ်မိတော့တဲ့ တခြားသေဆုံးသူတွေလဲ ရှိခဲ့ပါတယ်။ ယနေ့နံမည်ရ တာဝန်ခံ အယ်ဒီတာတဦးဖြစ်နေပြီ ဖြစ်တဲ့ ကိုသောင်းဦး(ကိုဦးဆွေ) လဲ သာယာဝတီထောင်ထဲရောက်မှ သူ့ရဲ့တကိုယ်လုံးဖြစ်လာရတဲ့ ယားနာရောဂါကို မိန်းဂျေးရှေ့ နေပူထဲ ပက်လက်လှန် ဆန္ဒပြလိုက်မှ ကုသခွင့်ရခဲ့ပါတယ်။

ဒီလိုနဲ့ကျန်းမာရေး မကောင်းကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမှည့်ချွေဘို့ (Labour) ချ အလုပ်လုပ်ရမယ်ဆိုပြီးဖြစ်လာပါတယ်။ နိုင်ငံရေးအကျဉ်းသား ၁၀၀-နီးပါးက အလုပ်မလုပ်ရေး (Labour Strike) ၊ အစာငတ်ခံဆန္ဒပြ (Hunger Strike) လုပ်ဘို့စီစဉ်ကြပါတယ်။ စပ်စုက ဒါဟာ အာဏာပိုင်တွေရဲ့ ထောင်ချောက်ထဲ တိုးဝင်တာဘဲလို့ပြောပေမဲ့ အများစုကလက်မခံကြပါဘူး။ “ဆရာကတော့ အစာငတ်မခံနိုင်ဘူး၊ ဥပုသ်တော့ စေါင့်လေ့ရှိတယ်။ ဒါကြောင့် ကိုယ်တိုင်မလွတ်မချင်း၊ အန်တီစုနဲ့ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မချင်း နေ့တိုင်း ဥပုသ်စေါင့် ၁၀-ပါးသီလနဲ့ နေမယ်” လို့ပြောတော့ လူငယ်အများစု ကျေနပ်လက်ခံ သွားကြပါတယ်။

ဒီလိုနဲ့ သာယာဝတီထောင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အလုပ်မလုပ်ရေး (Labour Strike) နဲ့ အစာငတ်ခံဆန္ဒပြ (Hunger Strike) တိုက်ပွဲကြီးပေါ်ပေါက်လာပါတယ်။ ထောင်အာဏာပိုင်တွေက အလုပ်မလုပ်ချင်တဲ့သူတွေ ဆန်္ဒပြမနေနဲ့ အဆောင်တဆောင်ထဲမှာ သပ်သပ်ထားပေးမယ်။ ထွက်ခဲ့ကြဆိုလို့ (Strike) သမားတွေ ယုံကြည်ပြီးထွက်သွားမိကြတယ်။ မကြာပါဘူး ၀က်ဘုတ်တွေဖက်က အဆောင်တွေနား မရောက်ခင်မှာဘဲ လက်မရွံ့ ထောင်ဝန်ထမ်းတွေရဲ့ ရက်ရက်စက်စက် ၀ိုင်းဝန်းရိုက်နှက်ခြင်းကို မရှုမလှ အလစ်ခံလိုက်ကြရတယ်။ ပြီးတော့တိုက်ခန်းတွေထဲ တိုက်ပိတ်ခံလိုက်ကြရတယ်။
စပ်စုတို့လူကြီးပိုင်းတွေဆီလဲ လာပြီး ရာဘာဖိုင်ဘာတုတ်တွေ တ၀င့်ဝင့်နဲ့ နှစ်ရစ်သုံးရစ် ၀န်ထမ်းကြီးတွေက “ထွက်လေကွာ၊ မင်းတို့လူကြီးတွေ ကျောင်းဆရာတွေ သတ်္တိမရှိဘူးလား” ဆိုပြီး ခြိမ်းခြောက်စိမ်ခေါ်လာပါတယ်။ စပ်စုစိတ်ထဲမှာတော့ အင်းစိန်ထောင် ထောင်ပိုင်ကြီးက “မင်းတို့သာယာဝတီမှာတော့ အေးအေးဆေးဆေး ဇိမ်နဲ့နေရမှာပါ”ဆိုတဲ့စကားကို ပြန်ကြားယောင်ပြီး “ငါတို့ကို ပုံစံသွင်းနေပါပေါ့လား” ဆိုတဲ့သတိနဲ့ “အေးဆေးပါဗျာ၊ အချိန်တန်တော့ ကျုပ်တို့လဲ ထွက်မှာပါ” လို့ စိမ်ခေါ်မှုကို အချိန်ရွှေ့လက်ခံလိုက်ပါတယ်။

ဒီလိုနဲ့ ထောင်သက်လေးရလာတော့ အလုပ်မရှိ၊ ပြောစရာစကားတွေကုန်၊ စာမဖတ်၊ စာမရေးရ၊ ယားနာတွေပေါက်၊ ကျန်းမာရေးချို့တဲ့နဲ့ နေရ ထိုင်ရ တရားမှတ် တရားထိုင်ရတာ မရှင်းမသန့်ဖြစ်လာတယ်။ ထောင်သက်ကြာလာရင်ဖြစ်တတ်ကြတဲ့ အချင်းချင်းရန်လိုမှုတွေလဲ ဖြစ်လာတယ်။ အဲ့ဒီတုံးက ကိုယ်ဘာဖြစ်လို့ ဖြစ်နေမှန်းမသိခဲ့ဘူး။ သူတပါးအပေါ် မယုံသင်္ကာစိတ်တွေ၊ ကိုယ့်ကို မလိမ့်တပတ် လိမ်ညာအမြတ်ထုတ်သွားမှာ စိုးရိမ်တဲ့စိတ်တွေ၊ တကိုယ်တော်စွန့်စားချင်စိတ်တွေလဲ ပေါ်လာတယ်။

ကိုယ့်နေရာမှာ ပက်လက်လှန်အိပ်နေရင်း အဆောင်အမိုးပေါ်က မီးချောင်းကို တခုခုနဲ့ပေါက်ပြီးခွဲချင်စိတ် ပေါ်လာတာနဲ့ ပါးစပ်က လွှတ်ခနဲ ဘေးကတယောက်ကို “ မီးချောင်းကိုပေါက်ခွဲ လိုက်ချင်တယ်” လို့ပြောလိုက်မိတယ်။ဒါကို ပတ်ဝန်းချင်ကကြားသွားပြီး အခန်းလူကြီးဖြစ်တဲ့ NLD လူငယ်ပန်းသီး (ကိုစိုးမြတ်ဦး) ကိုသွားပြောကြတယ်။

ပန်းသီးက “ကိုဖြူဝင်း အေးဆေးပါဗျာ” လို့ပြောယုံရှိသေး ၀န်ထမ်းတယောက်သိသွားပြီး၊ တဆင့်တဆင့်နဲ့ ထောင်မှူးက ထောင်ဆေးရုံပို့မယ်စီစဉ်ပါရော။ စပ်စုစိတ်ထဲမှာတော့ ထောင်ဆေးရုံမှာ အစားအသောက် အနေအထိုင် ချောင်မဲ့အပြင် အတောင့်တဆုံးဖြစ်တဲ့“ဖတ်စရာအခုခုတော့ ရမှာဘဲ” လို့ ကြိတ်ပြီးသဘောခွေ့နေမိတယ်။ RIT မှာ ၁၉၇၀-၇၇ အတူတက်ခဲ့ကြဘူးတဲ့ ကိုခင်စိုး (ဂွတ္တလစ်မြို့နယ် NLD) ကို “ကျွန်တော်တော့ ထွက်လေကွာဆိုလို့ ထွက်ပြီ၊ တိုက်ပွဲစပြီ ထင်တယ်”လို့ပြောတော့ ကိုခင်စိုးက သူလဲလိုက်မယ် ပြောပါတယ်။ အဆောင်မှာ ထိန်းမဲ့လူကြီးလိုတယ်၊ ကျွန်တော်တယောက်ထဲဖြစ်ပါတယ် ပြောမှ သူကျန်ခဲ့ပါတယ်။

လက်တွေ့မှာတော့ စပ်စုကို ထောင်ဆေးရုံပေါ်ကိုခေါ်မသွားဘဲ၊ သာယာဝတီထောင် ထောင်ဗူးဝရဲ့ လက်ဝဲဖက် အစွန်ဆုံး ထောင်ဆေးရုံနဲ့ ကိုက် ၁၀၀-လောက်အကွာ၊ ထောင်ကျနေကြတဲ့ လက်ပါးခေါ် (Leprocy) ကုဋ္ဌနူနာ ရောဂါသည်များနဲ့ စိတ္တဇရောဂါသည် အရူးများ ထားရာ “ သာယာဝတီထောင် လက်ပါးနဲ့ အရူးတိုက်” ကိုဘဲ စပ်စုရောက်ရတော့တယ်။ အဲ့ဒီမှာ အဆင်သင့်စေါင့်နေတဲ့ သံခြေချဉ်းနဲ့ ဒေါက်ခတ်တာကို “တရားရှုမှတ်ရ အဆင်ပြေပါစေသား” လို့ စိတ်ထဲက ဆန်္ဒပြု ဆုတောင်းယုံကလွဲပြီး ဟန်ဆောင်အပြုံးနဲ့ဘဲ ခံယူလိုက်ရပါတယ်။ သာယာဝတီထောင်ကတော့ ငါ့ကိုပညာပြတော့မယ် လို့ စိတ်ထဲမှာသိနေရင်း၊ တိုက်ခန်းထဲဝင်ပြီးတာနဲ့ “ဒီတိုက်တွေကတော့ ဘယ်သူမှ အကောင်းပြန်မထွက်တဲ့ တိုက်တွေဘဲ” လို့ ထောင်ဝန်ထမ်းက ပြောပြောဆိုဆို ဂျိန်းကနဲ တိုက်တံခါးပိတ်သံကြားလိုက်ရပါတယ်။

သာယာဝတီထောင် လက်ပါးနဲ့အရူးတိုက်ဟာ ၈ပေ x ၁၀ပေ တိုက်ခန်း ၁၀-ခန်းပါတဲ့တိုက်ဟောင်းကြီးပါ။ အခန်းထဲမှာ အိပ်ဖို့ ၀ါးကပ်တချပ်နဲ့ အပေါ့အလေးစွန့်ဘို့ အဖုံးမပါ ဂန်ဖလားတလုံး၊ ပိတ်ထားတဲ့ တိုက်ခန်းထဲက လှမ်းခပ်လို့ရယုံ တနေရာမှာ သောက်ရေအိုးတလုံး၊ ဒါဘဲပေးထားပါတယ်။ စေါင်ခြင်ထောင် မပေးပါဘူး။ ထောင်ပုံစံ ပုဆိုးတထည်ကို များပြားလှတဲ့ ကြမ်းပိုးတွေ မကိုက်အောင်ခင်း၊ ၀တ်ထားတဲ့ ကျန်တထည်က ခြင်မကိုက်အောင်၊ ဆိုးဝါးလှတဲ့အအေးဒဏ်ကိုခံနိုင်အောင် ပုဆိုးကို စေါင် ခြင်ထောင် အဖြစ်နဲ့ပါခြုံ (၁ In ၃ ) သုံးပြီး ပုဇွန်တုပ်ကွေး ကွေးအိပ်ရပါတယ်။

စပ်စုကိုလာမိတ်ဖွဲ့ကြတဲ့ တတိုက်ထဲမှာ တယောက် တခန်းဆီ နေ နေကြတဲ့ သူတွေကတော့ တက်ပု၊ ငတက်ပြားနဲ့ ဘုရားခိုးတို့က အနူရောဂါသည်တွေ။ တက်ပုက နူလို့ခိုး ခိုးလို့နူတဲ့ အနူ။ ငတက်ပြားက မခိုးရ မနေနိုင်တဲ့ ရောဂါနဲ့ ခြေဆန်လက်ဆန်တွေ ရှည်မျောမျော ရောဂါဆန်းတမျိုးရှိတဲ့ သူခိုးအနူ။ ဘုရားခိုးက “တပည့်တော် အရှင်ဘုရား ပေးသမျှ အပြစ်ကို ခံပါ့မယ် ”ဆိုပြီး ရှေ့ဟောင်းဘုရားတွေ ထီးတော်တွေ ခိုးရာက ထောင်ကျ၊ စပ်စု ရောက်နေတုံးမှာဘဲ တဖြေးဖြေး မျက်လုံးတွေက ဖုတွေထွက်၊ တကိုယ်လုံး အဖုအပိမ့်တွေထွက်ပြီး နူသွားတဲ့သူ။ ဦးဆေးခြောက်ကြီး၊ မိုးပေါ်ပစ်၊ ဒို့အရေးစိုးမြင့်၊ ထောင်ပြေး နဲ့ မုဒိန်း တို့က စိတ်ရောဂါသည် အရူးတွေ။ စိုးမြင့်က ဒို့အရေး ဒို့အရေးနဲ့ အမြဲအော်နေတဲ့ ၈၈အရေးအခင်းမှာစရူးသွားရရှာတဲ့ တကယ့်အရူး၊ ဦးဆေးခြောက်ကြီးနဲ့မိုးပေါ်ပစ် ကကြောင်ယုံသက်သက်၊ ဦးဆေးခြောက်ကြီးက သူ့ကိုယ်သူ ဗကပ လက်ဟောင်းကြီးတဲ့။ မိုးပေါ်ပစ်ကတော့ တပ်ပြေး၊ သူ့တပ်ကအရာရှိတွေနဲ့ တချို့ရဲဖေါ်တွေကို သဘောမတွေ့ဖြစ်ပြီး၊ ဂျီးသရီး ကျည်တကပ်လုံးကုန်အောင် မိုးပေါ်ထောင်ပစ်ခဲ့လို့ ထောင်ကျလာတာ၊ သူဆိုလေ့ရှိတဲ့ သီချင်းက ခိုင်ထူးရဲ့ “အားလုံးကိုကျော်ဖြတ်ရမယ်” အလိုက် “မိုးပေါ်ကိုထောင်ပစ်ရမယ်”တဲ့။ “အော်--အခုတော့ -မိုးပေါ်ကိုထောင်ပစ်ရမယ်”လို့ဆွေးဆွေးမြေ့မြေ့ ဆိုလေ့ရှိပါတယ်။ အမြဲတမ်းလဲ မှိုင်တွေ ငေးမော နေလေ့ရှိပါတယ်။ ထောင်ပြေးနဲ့ မုဒိန်း ကတော့ မနူမရူးဘဲ ပုံစံအပေးခံထားရတာပါ။

ဟော-ညဖက်ရောက်လာပါပြီ။ အမှောင်တိုက်မဟုတ်ပေမဲ့ နေ့ဖက်မှာ အလင်းရောင် မလုံလောက်တဲ့အခန်းဟာ ညဖက်မှာလည်း ခရမ်းချဉ်သီးမီးလုံးက လင်းတယ်ဆိုယုံလေးပါ။ အဲ့ဒီမီးလုံးမှိန်မှိန်နဲ့တိုက်ခန်းအနေအထားကိုက ခြောက်ခြားစရာပါ။ အိပ်ခါနီး ခြေချဉ်းနဲ့ ဒေါက်ကို လေ့လာကြည့်တော့ ၀ိရိယစိုက်ရင် ဖြုတ်ရလွယ်မဲ့ အနေအထားကိုတွေ့ရပါတယ်။

အိပ်ချိန်သံချောင်းခေါက်တော့ အဆောင်မှာ မနက်ကထဲက ဘုရားရှိခိုး တရားထိုင် လုပ်ခဲ့ပြီးလို့ ဘုရားထပ်မရှိခိုးတော့ဘဲ ဖျာပေါ် ပက်လက်အနေအထား လှဲနေမိပါတယ်။ ဟိုတွေးဒီတွေး တွေးနေရင်းက ရုတ်တရက် အိပ်ပျော်သွားပါတယ်။ “ဂျွမ်း” ဆိုတဲ့အသံနဲ့အတူ စပ်စု ရုတ်တရက်လန့်နိုးသွားပါတယ်။ အလှည့်အပြောင်းလုပ်လိုက်ရင်း သံခြေကျဉ်းသံကြောင့် လန့်နိုးသွားပါလားလို့ စပ်စုစိတ်ထဲမှာ ဖြစ်မိပါတယ်။ ဒီလိုနဲ့ တခါထပ်အိပ်ပျော်သွားပြီး “ဂျွမ်း” ဆိုတဲ့အသံနဲ့အတူ လန့်နိုးပြန်ရော။ ဒီတခါတော့ တယောက်ယောက်က သံခြေချဉ်းကို လက်ကိုင်ကွင်းက မ,ပြီးပြန်ပစ်ချလိုက်တာပါလားလို့ စိတ်ကဖြစ်မိပါတယ်။ ဒါပေမဲ့ တယောက်ထဲ ကိုယ်ကလွဲပြီး ဘယ်သူမှမရှိတဲ့ အခန်းထဲမှာ၊ အပြင်ကနေလှမ်းဆွဲလို့ လက်လှမ်းမမှီတဲ့နေရာမှာ အိပ်နေတာဆိုတော့ ကိုယ့်ဘာသာ “စိတ်ထင်လို့ပါ ဟိုလှည့်ဒီပြောင်းနဲ့ အသံထွက်သွားတာပါ” လို့ကိုယ့်ကိုယ်ကိုဖြေသိမ့်ပြီး ထပ်အိပ်ပျော်သွားပြန်ရော။ ဒါပေမဲ့ မသိစိတ်တ၀က် သိစိတ်တ၀က်နဲ့ဘဲ သတိထားအိပ်ပျော်သွားတယ်ထင်ပါတယ်။ တတိယအကြိမ် “ဂျွမ်း” ဆိုတဲ့အသံနဲ့အတူမှာတော့ စပ်စုတယောက် ခေါင်းနပမ်းကြီးစွာ၊ တကိုယ်လုံးကြက်သီးမွှေးညှင်းထစွာနဲ့ ထထိုင်မိပါတယ်။ မမြင်ရတဲ့ တစုံတယောက်က သံခြေချဉ်းကို မ,ပြီး တမင်ပစ်ချလိုက်ပါလားလို့လဲ ခံစားသိရှိလိုက်ပါတယ်။

ဒီတခါလဲ “ စိတ်ထင်တာပါ၊ တကယ်သရဲဆိုလဲ လေ့လာရတာပေါ့” လို့ အင်ဂျင်နီယာဘွဲ့ရ သိပ်္ပံတွဲကျောင်းဆရာ စပ်စု၊ စိတ်ထဲက ဖြစ်လိုက်သေးပေမဲ့ ဖျာပေါ်မှာ စေါင့်ကြောင့်ထိုင် လက်အုပ်ချီ အနေအထားဖြစ်နေပါပြီ။ မကြာခင်ဘဲ ဘုရားရှိခိုး ဂုဏ်တော်တွေပွား မေတ္တာပို့ပြီး အမျှအတန်းဝေဘို့ ဦးသုံးကြိမ်ချမိပါတယ်။ ဂုဏ်တော်တွေ နှုတ်က အသံထွက်ဆိုနေပေမဲ့ စိတ်ကတော့ စပ်စုအဖေဆုံးတဲ့နေ့က ခြေမကို ကိုင်ပြီးလှုပ်နှိုးတာ ခံခဲ့ရဘူးတာ၊ မင်းကွန်းတောရမှာမြင်ခဲ့ရဘူးတဲ့ ကျောင်းခေါင်မိုးပေါ်မှာ အများကြီးစုပြုံ နေနေကြတဲ့ ဖါးတပိုင်းငါးတပိုင်းလိုလို ခြောက်လက်မ လောက်ရှည်တဲ့ မှင်စာတွေ၊ သာယာဝတီထောင် စရောက်တဲ့ညက အိပ်မက်လိုလို တွေ့ခဲ့ရဘူးတဲ့ သုံးထပ်တိုက်လောက်အရပ်မြင့်တဲ့ အသားမည်းမည်း အကောင်ကြီး ၂ကောင်၊ စတာတွေဆီလဲ ရောက်နေမိပါတယ်။

တနာရီကျော်ကြာ ဂုဏ်တော်ပွား၊ မေတ္တာပို့၊ အမျှအတန်းဝေပြီးချိန်မှာတော့ စပ်စု တယောက်ပြန်အိပ်လို့ မရတော့ပါဘူး၊ မျက်လုံးကျယ်ပြီး သံခြေကျဉ်းကို ကိုင်မ,ပြီး ပြန်ချကြည့်နဲ့ အကြိမ်ကြိမ် လေ့လာနေမိပါတယ်။ နောက်သံခြေကျဉ်း ရက်ဘစ်တွေကို လေ့လာကြည့်တော့ တဖက်က အထုလွန်လို့ လိမ်ဖယ်ဝင်နေတာ တွေ့ရပါတယ်။ ကုတ် သဘောတရားကို တွဲထားတဲ့ ဒေါက်နဲ့ တွဲဖက် အသုံးချလိုက်တော့ ရက်ဘစ်တဖက်ပြုတ်သွားပါတယ်။ သရဲလေ့လာချင်စိတ်နဲ့ သံခြေကျဉ်းရက်ဘစ်ဖြုတ်တဲ့စိတ် ရောသွားလို့ထင်ပါတယ် ရက်ဘစ်ပြုတ်ပြီး မကြာခင် စပ်စု အိပ်ပျော်သွားပြန်ရော။ အိပ်မက်ထဲမှာ သူ့ကို လည်ပင်းညှစ်ပြီးနံရံနဲ့ခေါင်းနဲ့ ဆောင့်သတ်တယ်လို့ တစုံတယောက်က စပ်စုကို လာပြောပါတယ်။ အိပ်မက်ကလန့်နိုးတော့ မိုးလင်းလုပါပြီ။ ဒါကတော့ သာယာဝတီထောင် လက်ပါးနဲ့အရူးတိုက် အခန်းနံပါတ် (၄) ရောက်စည ဖြစ်ရပ်မှန်သာဖြစ်ပါတယ်။ တစ္ဆေသရဲနဲ့ ပတ်သက်ပြီး စပ်စုရဲ့ ယုံကြည်မှုကို နည်းနည်းလေး ပိုတိုးစေခဲ့တဲ့ဖြစ်ရပ်မှန်သာဖြစ်ပါတယ်။ နောင်စုံစမ်းကြည့်လိုက်တော့ အိပ်မက်ထဲက အတိုင်း အကျဉ်းသားနှစ်ဦး တဦးကိုတဦး အသေသတ်ကြတဲ့အခန်း၊ ကြမ်းတယ်၊ ဘုရားများများရှိခိုး လို့အကြံပေးကြပါတယ်။ ကြောင်သွားနိုင်တယ်လို့လဲ ပြောကြပါတယ်။

ဒါနဲ့ စပ်စုလဲ ပေါ့ဆလို့တော့မဖြစ်ဘူး၊ စိတ်ကိုငြိမ်အောင်ထိန်းဘို့လိုတယ်ဆိုပြီး စီမံချက်ချရပါတယ်။ နေ့စဉ်လုပ်ရမည့် အလုပ် ၁၈-မျိုးပါ။ “ နိုးကြားသတိ၊ ဘုရားရှိခိုး၊ ၀ိပဿနာ၊ ရှုမှတ်ကာလျှင်၊ မေတ္တာပွားလျက်၊ ဂုဏ်တော်ဖက်၍၊ ကျက်,အံ,ကြံ,ကြည့်၊ ရေး,ဖြန်ချိကာ၊ ပါဠိ,ပုတီးစိပ်၊ နိဗ်္ဗာန်စိတ်နှင့်၊ သိပ်,လိပ်,တီထွင်၊ စီးပွားမြင်၊ နေ့စဉ်လုပ်ရန် တာဝန်တည်း” လို့ စာစီထားပါတယ်။ “ကျက်,အံ,ကြံ,ကြည့်၊ ရေး,ဖြန်ချိ” ဆိုတာ တရားစာ သို့မဟုတ် ရနိုင်တဲ့စာ တနေ့တပုဒ်ကျက်မယ်၊ ရ,ထားတာတွေ ပြန်အံဆိုကြည့်မယ်၊ ကြံဆစိစစ်မယ်၊ ရသမျှ စာကိုကြည့်မယ်၊ ပြီးတော့စာတွေရေးမယ်။ စာရေးကိရိယာတွေ ဘယ်လိုမှ အဆင်မပြေရင် စိတ်နဲ့ရေးမယ်။ နှုတ်နဲ့ဖြန့်မယ်။ “ သိပ်,လိပ်,တီထွင် ” ဆိုတာ၊ သိပ် က သိပ္ပံ၊ လိပ်က အင်္ဂလိပ် စကားနဲ့စာ၊ တီထွင် က တီထွင်မှု တခုခု၊ ဒါတွေလဲ နေ့စဉ်လုပ်မယ်။ အနည်းဆုံးစိတ်နဲ့လုပ်မယ်။ တိုးတက်အောင် မမေ့အောင်လုပ်သွားမယ်။ အကျိုးရှိအောင် လုပ်မယ်။ ကိုယ်ရောစိတ်ပါ ကစဥ့်ကလျား မဖြစ်အောင် မမေ့ မလျော့
မပေါ့ မဆ = သတိ, ၀ိရိယ, သမာဓိ, ပညာ နဲ့ နေရမယ်လို့ ဆုံးဖြတ်လုပ်ဆောင်ခဲ့ပါတယ်။ အသေအချာ အမျှအတန်းဝေခြင်းနဲ့ ကိုယ်ကျူးလွန်ခဲ့တာတွေ တောင်းပန်၊ ကိုယ့်အပေါ် ကျူးလွန်ကြတာတွေ ခွင့်လွှတ် စတဲ့ ပုညကြိယာ သုစရိုက် တရားများလဲ နေ့စဉ် ဖြည့်ဆည်းခဲ့ပါတယ်။

ဒီလိုနဲ့ တိုက်ပိတ် တလပြည့် သွားတော့ ခြေကျဉ်းနဲ့ဒေါက် ဖြုတ်ပေးကြပါတယ်။ စပ်စုကို အဆောင်ကို ပြန်မပို့ဘဲ လက်ပါးနဲ့ အရူးတိုက်မှာဘဲ ဆက်ထားပါတယ်။ ပိတ်ထားတဲ့ထောင်ဝင်စာလဲ ပြန်တွေ့ခွင့်ရပါတယ်။ သာယာဝတီထောင် ဆေးရုံဝင်းကြီးဟာ အကျယ်ကြီးပါ။ ထောင်တွေရဲ့ထုံးစံအတိုင်း သစ်ပင်ကြီးတွေ မရှိပေမဲ့ အကျဉ်းသားတွေရဲ့ လုပ်အားနဲ့ ပန်းမျိုးစုံ ဝေေ၀ဆာဆာ ဖူးပွင့်ပြီး လှချင်တိုင်း လှနေပါတယ်။ စပ်စုတို့နေရတဲ့ ရှေ့ဦးအင်္ဂလိပ်လက်ရာ လက်ပါးနဲ့အရူးတိုက် ကလွဲလို့ ကျန်နောက်ပိုင်း အင်္ဂလိပ်လက်ရာ အဆောင်တွေ အခန်းတွေဟာ ကျောက်ပြားအနီတွေနဲ့ သပ်ရပ်ခန့်ငြားလှပါတယ်။ လမ်းတွေကလည်း ညီညီညာညာ သပ်သပ်ရပ်ရပ်မို့ စပ်စု အတွက်တော့ သမာဓိကောင်းကောင်းရစေတဲ့ စင်္ကြံလမ်းတွေပါဘဲ။

အပေါ်အဖြူ အောက်အဖြူ ၀တ်ဖြူစင်ကြယ် ထောင်ဝတ်စုံနဲ့ စပ်စုအတွက်ကတော့ ရောင်စုံပန်းမာန်တွေကြား မိုးပြာပြာကြီးအောက်မှာ တကိုယ်တော် ၁၀-ပါးသီလနဲ့ နေခွင့်ရတာဟာ ရိပ်သာတခုကိုရောက်ရ သလိုပါဘဲ။ ဂုဏ်တော်တွေပွား၊ မေတ္တာတွေပို့၊ ကျက်ထားတာတွေ ပြန်ဆိုရင်း ပန်းမျိုးစုံတွေ၊ လိပ်ပြာမျိုးစုံတွေ လေ့လာအနားယူခွင့်ရတာဟာလဲ၊ စပ်စုအတွက် “မ၀တ” ချမှတ်လိုက်တဲ့ “အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃-နှစ်” ဟာ “ကမ္မဋ္ဌာန်းကျောင်းနဲ့ ထောင်ဒဏ် ၃-နှစ်” ဖြစ်နေပါတယ်။

တခါတရံ တနေ့မှာ တနာရီ နှစ်နာရီလောက် လမ်းလျှောက်ခွင့် ပေးတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ၊ စပ်စုအတွက်တော့ စပ်စပ်စုစု လေ့လေ့လာလာလုပ်ဘို့ အခွင့်အရေးပါဘဲ။ သာယာဝတီ ထောင်တွင်းမှာရှိတဲ့ အခြေခံပညာအထက်တန်းမေးခွန်းတွေ ရိုက်နှိပ်တဲ့ ခြံဝင်းကြီးနားအထိ စပ်စု လျှို့ဝှက်လေ့လာ လမ်းလျှောက်ထွက်ဘူးပါတယ်။ မြန်မာပြည်အရပ်ရပ်က လက်ရွေးစင် ဆရာတွေချည်းဘဲ (ဆရာမတွေမပါ) နှစ်စဉ် ဒီဇင်ဘာ (၁)ရက်ကနေ၊ စာမေးပွဲတွေ ဖြေအပြီး နောက် တရက်အထိ အဲ့ဒီခြံဝင်းထဲမှာ ပိတ်လှောင်ထားပါတယ်။ ပုံနှိပ်စက်ကြီးတွေနဲ့ မေးခွန်းတွေရိုက်နှိပ်စေပါတယ်။

ဒီခြံဝင်းကြီးထဲမှာ ဘော်လီဘောကွင်း၊ စားပွဲတင်တင်းနစ်ခုံတွေ၊ တီဗီတွေ၊ အိပ်ဆောင်တိုက်ခန်းတွေ အပြင် ထမင်းဟင်းအစားအစာ လှည်းနှစ်စီး မေးခွန်းတွေထည့်မပေးနိုင်အောင် အတွင်းနဲ့အပြင် အလဲအလှယ်လုပ်တဲ့ တံခါး ၄-ထပ်ရှိတဲ့ အခန်း၊ မေးခွန်းရိုက်ပျက်တွေ အပြင်မရောက်အောင် မီးရှို့တဲ့ မီးရှို့စက်နဲ့ ခေါင်းတိုင်ကြီးတွေပါ၊ စုံစုံလင်လင် ရှိပါတယ်။

မတ်လ စာမေးပွဲအနီးမှာ ထောင်အာဏာပိုင်တွေတောင် ၀င်ခွင့်မရှိတဲ့ အဲ့ဒီမေးခွန်းတွေရိုက်တဲ့ဆီကို စစ်ဆေးရေးဆိုသူတွေ မကြာခဏ ရောက်ရောက်လာတတ်ပါတယ်။ တ၀က်တပျက်မီးလောင်ထားတဲ့ မေးခွန်းအပိုင်းအစတွေလဲ တွေ့ရတတ်ပါတယ်။ ဒီမေးခွန်းအပိုင်းအစတွေပေါ် မူတည်ပြီး ဘာမေးခွန်း ဘယ်ပုစ်္ဆာ ဖြစ်နိုင်တယ်ဆိုတာ ကျူရှင်ဆရာစပ်စု စုံထောက်မောင်စံရှားလဲ လုပ်ပေးခဲ့ရဘူးပါတယ်။ သိရသလောက်တော့ မေးခွန်းရိုက်ပျက် မီးရှို့စက်ကြီးက အင်မတန်ကောင်းပေမဲ့ ဒီလိုဒီလို တပိုင်းတစ မီးလောင်အောင် မီးရှို့ရတာတော့ အင်မတန် ပညာသားပါတယ်လို့ ဆိုကြပါတယ်။

အထိမ်းအမှတ်နေ့တွေမှာ ထောင်ဝင်စာမှာ အလစ်သွင်းခွင့်ရခဲ့တဲ့ “ကဒေါင်းပုံပါတဲ့ မျက်နှာသုတ်ပုဝါကြီး” ကို တွဲလွဲ ချိတ်ဆွဲပြီး စပ်စု ဝေပေးတဲ့မုံ့တွေ စားကြနဲ့ ခပ်ဝေးဝေးမှာ သူတို့ဆိုကြတဲ့ ချိုပြုံးရဲ့ ဝေးတမြေခြားသူ၊ မိုးပေါ်ကိုထောင်ပစ်ရမယ်၊ တပ်မတော်အင်အားချိမှ တိုင်းပြည်အင်အားချိမည် စတဲ့ သီချင်းတွေဟာလဲ ဥပုသ်သည် စပ်စုအတွက်တော့ သမာဓိပွားကြောင်းတွေထဲက စိတ်ကိုရွှင်စေခြင်းပါဘဲ။ သီလ ညှိုးနွမ်းကြောင်း လဲဖြစ်ပါတယ်။

ဝေးတမြေခြားသူ သီချင်းကို သာယာသတီမြို့တွင်းနဲ့ ဂဠုန်ဆရာစံတို့ရဲ့ ဖါးရွှေကျော်၊ ဂုံမင်းမြောင် စတဲ့ ပတ်ဝန်းကျင်ရွာတွေက မကြာခဏလွှင့်တာကြားရလေ့ရှိသလို အရူးတွေ အနူရောဂါသည်တွေ နှာခေါင်းသံနဲ့သီဆိုတဲ့ တပ်မတော်အင်အားချိမှ တိုင်းပြည်အင်အားချိမည်၊ ရှိ နဲ့ ချိ လွဲနေတဲ့ သီချင်းကိုလဲ ကြားရလေ့ရှိပါတယ်။ နောင် လက်ရှိ တပ်မတော်ကို စပ်စုမကျေနပ်တာရှိရင် အဲ့ဒီသီချင်းကို စာသားပြောင်းပြီး “တပ်မတော်ကြီးကို အသစ်ဖွဲ့ဘို့ အမြန်ပင်လိုပါပြီ၊ တပ်လူ(ရဲဘော်) (တပ်ဗိုလ်) အပေါင်းတွေ အပါယ်ငရဲမလားဘို့ ကယ်ဆွဲရပေမည်၊ ရိုးရိုးသားသား ပြည်ချစ်တဲ့စိတ်သည်၊ နိုးနိုးကြားကြား ပြည်သူဖက်ရပ်တည်၊ နိုးနိုးကြားကြား ပြည်ချစ်တဲ့စိတ်သည်၊ ရိုးရိုးသားသား ပြည်သူဖက်ရပ်တည်၊ တပ်မတော်--၊ တကယ်မွန်မြတ်ရန်လိုအပ်ပြီ၊ ပြည်သူချစ်တဲ့ တပ်မတော်အသစ်လိုပြီ၊ ဟေ့-တပ်မတော်ကြီးကို အသစ်ဖွဲ့ဘို့ အမြန်ပင်လိုပါပြီ၊” စသည်ဖြင့်ဆိုလေ့ရှိတာဟာ သာယာဝတီထောင်က လက်ပါးနဲ့အရူးတွေရဲ့ အဲ့ဒီ “တပ်မတော်အင်အားချိ” ကနေ စခဲ့တာပါဘဲ။

ဒီလိုနဲ့ ကျန်းမာ,၀ဖြိုး သမာဓိတွေတိုးနေတဲ့ စပ်စုကို ကမ်္မဋ္ဌာန်းအသစ်တွေ ပွားများစေဘို့ အခြေအနေ တရပ်ဖြစ်လာပါတယ်။ ဒါကတော့ စပ်စုတို့ အခန်းတွေကို သောက်စရာရေ လာမဖြည့် တာပါဘဲ။ တခါ၊ ၂ခါ၊ ၃,၄ခါကနေ အကြိမ်ပေါင်းများစွာတောင်းဆိုပြီး အချိန်ကြာလာတော့ စပ်စုတို့ စိတ်မရှည်နိုင်ကြတော့ပါဘူး၊။ အဲ့ဒီမှာ စပ်စုက ဦးဆောင်ပြီး “ရေ- ရေပေးပါဗျို့” လို့ အော်ကြပါတယ်။ စပ်စု ငယ်ငယ်က မိုင်ဒါကွင်းထဲမှာ တော်လှန်ရေးနေ့ချီတက်ကြမဲ့ တပ်မတော်သားတွေ လေ့ကျင့်ကြရာမှာ တပ်ကြပ်ကြီးရဲ့ “ တပ်ပေါင်း-သတိ” ဆိုပြီး ၀မ်းခေါင်းသံကြီးနဲ့ တကွင်းလုံးကြားအောင် အော်ပြီး အမိန့်ပေးတာကို သဘောကျလေ့ကျင့်ခဲ့ဘူးပါတယ်။ အခုလဲ “ရေ- ရေပေးပါဗျို့” ဆိုတာကို အဲ့ဒီတပ်ကြပ်ကြီးအသံမျိုးနဲ့ စပ်စု အော်လိုက်မိတယ်ထင်ပါတယ်။ ဒီအခါကျမှ ထောင်မှူးနဲ့ ထောင်ဝန်ထမ်းတွေ ပြာပြာသလဲဖြစ်ပြီး စပ်စုတို့ လက်ပါးနဲ့ အရူးတိုက်ကိုရောက်လာကြပါတယ်။ တိုတိုပြောရရင် နိုင်ငံရေး ၅-ည စပ်စုတယောက်ထဲကိုဘဲ ဒေါက်ခြေချဉ်းခတ် တိုက်ပိတ် ထောင်ဝင်စာ ၃-လ ဖြတ်အပြစ်ဒဏ်ပါဘဲ။ တခုပိုတာကတော့ “မိလ်္လာချခွင့်မပေးနဲ့” တဲ့။

ကိုယ့်ကိုယ်ကို တခါတခါ “ငါ ပန်းခြံထဲရောက်နေတဲ့ မင်းသားလေးတပါး လိုပါလား” လို့ရွှေဥာဏ်တော်စူးရောက်ဘူးတဲ့ စပ်စုတယောက် မကြာခင်မှာဘဲ “ဘင်ဘုတ်ငရဲ” ရောက်ရပါပြီ။ အသုဘကမ်္မဋ္ဌာန်း ဟာ ၂-ရက် ၃-ရက်အတွင်းမှာဘဲ ပီပြင်လာပါတယ်။ မိလ္လာချခွင့်မပေးလို့ ကိုယ့်ဆီးနံ့ မစင်နံ့တွေ နံလာပါတယ်။ နေ့ရောညပါဆိုတော့ နှာခေါင်းထဲမှာ အဲ့ဒီအနံ့တွေစွဲနေပါတယ်။ ၄-ရက်မြောက်နေ့မှာတော့ ကိုယ့်မစင် ကဖြစ်လာတဲ့ လောက်ကောင်ဖြူဖြူတွေ လှန်းလှန်း လှန်းလှန်းနဲ့ အခန်းထဲမှာ စတွေ့ရပါပြီ။ ၄,၅-ကောင်ကနေ များများလာပါပြီ။ တရားထိုင်နေတုံးမှာဆို မျက်နှာပေါ်အထိ တက်လာပါပြီ။ ပါးပေါ်မှာ လှမ်းသွားနေတဲ့ လောက်ကောင်တွေရဲ့ အေးစက်စက်အထိအတွေ့ကို ၃,၄မှတ် မှတ်လိုက်နိုင်သေးပေမဲ့ အဲ့ဒီ လောက်တွေ နားထဲဝင်သွားရင်တော့ အခက်ဘဲဆိုတဲ့ စိတ်ကူးကိုတော့ စပ်စု “အမှတ်မဲ့”သွားပါပြီ။ အဲ့ဒီလောက်ကောင်တွေကို လက်နဲ့သပ်ချလိုက်ရာမှာ ဒေါသ ရာခိုင်နှုန်းများစွာ ပါသွားမယ်ထင်ပါတယ်။ လူမဆန်တဲ့ ဒီနှိပ်စက်ပုံစံသွင်းမှုအောက်မှာ စပ်စုတယောက် စိတ်ရောကိုယ်ပါ အလဲလဲအပြိုပြိုပါဘဲ။ “ဒို့အရေး ဒို့အရေး”လို့ အမြဲအော်နေတဲ့ စိုးမြင့် ကလွဲလို့ လက်ပါးတွေ အရူးတွေတောင် တက်တခေါက်ခေါက်နဲ့ မကျေနပ်ကြောင်း ထုတ်ပြောကြပါတယ်။

ဒီလိုနဲ့ တရားရှုမှတ်မှု ယာယီရပ်ဆိုင်းလိုက်ရတဲ့ စပ်စုတယောက် ထိပ်တိုက်ရင်ဆိုင်မှုလမ်းကို ရွေးရပါပြီ။ နောက်နေ့မနက် ထောင်ပိုင် (Round) လှည့်အစစ်မှာ အဲ့ဒီ ““မစင်တွေ ဆီးရည်တွေ လောက်တွေ ရောမွှေပြီး သင်္ကြန်ရေပက်မယ်”” လို့ကြိုတင်ကြေငြာထားလိုက်ပါတယ်။ နောက်နေ့မနက်မှာတော့ အရည်ဖျော်ထားတဲ့ ဂန်ဖလားကို မြင်သာအောင် တံခါးပေါက်ဝ မှာချထားလိုက်ပါတယ်။ မြေနီမှုန့်ခင်းတဲ့လမ်းအတိုင်း ဖိုင်ဖါတုတ်ကိုင် ရှေ့တော်ပြေးလုံခြုံရေးတပ်တွေနဲ့ ထောင်ပိုင်ကြီး၊ ထောင်ပိုင်လေး၊ ထောင်မှူးကြီး ထောင်ဆရာဝန်နဲ့ ထောင်မှူးတွေပါတဲ့ ရေပက်ခံအဖွဲ့ ကို စေါင့်ပေမဲ့ တော်တော်နဲ့ ကြွတော်မမူကြပါဘူး။ ဒါနဲ့ တရားရှုမှတ် အလေ့အကျင့်ရထားတဲ့ စပ်စု၊ တင်ပလ္လင်ခွေထိုင်၊ မျက်စိမှိတ်မျက်လွှာချပြီး တရားရှုမှတ်နေမိပါတယ်။ လက်ပေါ်တက်လာတဲ့ လောက်တွေကိုလဲ မျက်စိဖွင့်မကြည့်တော့ဘဲ ဆက်မတက်နိုင်အောင် လက်နဲသပ်သပ်ချရင်း တရားသာမှတ်နေမိပါတယ်။ တော်တော်လေးကြာတော့မှ ရှေ့တော်ပြေးတွေ ၁,၂,၃,၄- ၁,၂,၃,၄နဲ့ညာသံပေးချီတက်လာသံ ကြားရပါတယ်။ အဲ့ဒီအချိန်မှာ စပ်စုရဲ့ တရားရှုမှတ်မှုအရှိန်လဲ အတော်ကလေးရ,စပြုပါပြီ။ လောက်တက်မစင်ရည်တွေနဲ့ ပက်ချင်တဲ့စိတ်လဲ မရှိတော့ပါဘူး။

သာယာဝတီထောင် လက်ပါးနှင့် အရူးတိုက် (၂) သို့ ►

0 comments:

Post a Comment