ခေတ်ဝန် (၁၂)

AFP ဆိုတာ ကျော်ကြားတဲ့၊ ထင်ရှားတဲ့ ပြင်သစ်သတင်းဌာနပဲဗျနော်။ Reuter ဆိုတာ အင်္ဂလိပ်၊ AP နဲ့ UPI က အမေရိကန်သတင်းဌာန စသည်ပေါ့ဗျာ၊ အဲဒီလိုရှိသလိုပဲ AFP ကလည်း ပြင်သစ်သတင်းဌာနပေါ့ဗျာ။ အဲဒီသတင်းဌာနကလည်း ကျွန်တော် အဲဒီအချိန်တုန်းကတော့ ခပ်ချာချာပါဗျာ။ ခပ်ချာချာဆိုတာ စက်မှုနည်းပညာတွေအရ ခပ်ချာချာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တယ်လီပရင်တာတောင် မရှိသေးဘူးဗျ။ ကျွန်တော်တို့ ဘာနဲ့လုပ်ရဆဲလိုတော့ မော့စ်ကုတ် (Morse Code) လို့ခေါ်တဲ့ ဒီ တီတီတီတီဆိုတဲ့ ဒီမော့စ်ကုတ်နဲ့ ကျွန်တော်တို့ လုပ်ရတယ်ဗျ။ အဲဒါတွေကို၊ မော့စ်ကုတ်တွေကို ဖမ်းတဲ့လူတွေက ဘယ်သူတွေလဲဆိုလို့ရှိရင် ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံးက အလုပ်သမားတွေပေါ့ဗျာ။ ဒီ မော့စ်ကုတ် ဖမ်းတတ်တဲ့လူတွေပေါ့။ Wireless Operator ခေါ်တာပေါ့ဗျာ။
သူတို့အားတဲ့အချိန်တွေမှာ လာလုပ်တယ်။ အဲဒီတော့ မော့စ်ကုတ်လုပ်တယ်ဆိုတဲ့ဟာက သူက၊ အသံကြားတာ သူက ရိုက်နေတာ။ ဥပမာဆိုပါတော့ ဘောလုံးပွဲရှိတယ်ဆိုရင် တိုက်ရိုက်အသံလွှင့်တာတွေ ရှိတယ်။ ဘောလုံးဆွဲရင်သူတို့က လက်ကနေ တီတီတီ ဆိုတာကို ရိုက်နေတာပဲဗျ။ တစ်ဘက်ကလည်း ဘောလုံးပွဲအသံလွှင့်နေတာကို နားထောင်တာပဲဗျ။ တစ်ခါတလေကျ လူဆိုတာက အမှားတွေလည်း ပါတယ်ဗျ။ ကျွန်တော်တို့မှာ အဲဒီ ဘောလုံးပွဲတို့ဘာတို့လာတဲ့အခါမှာ ပြင်ပေတော့ပဲ။ မြို့တွေရဲ့အမည်နာမည်တွေ စာလုံးပေါင်းတွေမှား၊ စသည်တော့ ဖြစ်တာပေါ့ဗျာ။ သို့သော် ပျော်စရာလည်းကောင်းတယ်ဗျာ။ ကျွန်တော်တို့ လုပ်တာပဲ၊ တစ်ခါတလေ ညဆိုရင် တစ်ခါတလေ တစ်နာရီနှစ်နာရီအထိ လုပ်တာပဲဗျ။ နောက်တစ်ခါ ကျွန်တော်တို့ အဲဒီတုန်းကဆိုရင်၊ ကျွန်တော့်တာဝန်ဆိုလို့ရှိရင် ညနေခြောက်နာရီလောက်ရောက်တယ်။ သတင်းတွေကျွန်တော် တည်းဖြတ်တယ်။ နိုင်ငံသတင်းတွေပေါ့ဗျာ ဖြတ်၊ ဆက်ပြီးတော့ Edit လုပ်၊ Edit လုပ်ပြီးရင် ကျွန်တော် ဘယ်ကိုပို့ရလဲဆိုတော့ ဟံသာဝတီတို့၊ ရန်ကုန်သတင်းစာတို့ ဆိုတာမျိုးတွေကို ဗမာ့ခေတ်ဆိုတဲ့ဟာမျိုးတွေကို ပို့ရတယ်ဗျ။ နေးရှင်း ကိုလည်း ကျွန်တော်တို့ ပို့ရတယ်ဗျ။ တစ်ခါ မနက်အစောကြီးဆိုလို့ရှိရင်၊ ငါးနာရီလောက်မှာ လူထုသတင်းစာတိုက်က မန္တလေးမှာရှိတော့၊ လူထုသတင်းစာတိုက်ကို အဲဒီကျွန်တော်တို့ အဲဒီ ညကနေပြီးတော့ရတဲ့ သတင်းတွေ၊ ကျွန်တော်တို့က လေယာဉ်ပျံနဲ့ ပို့ရတယ်ဗျ။ ပို့ပြီးတော့ ပို့တဲ့အခါကျတော့ လေယာဉ်ပျံက ခြောက်နာရီလောက်ဘာလောက် ထွက်တယ်နဲ့တူပါတယ်။ လူထုသတင်းစာကနေပြီးတော့ ကားလွှတ်ပြီးတော့ သတင်းတွေကို ယူတယ်။ အဲဒီတော့ ကျွန်တော်က ငါးနာရီလောက်ထပြီးတော့ အလုပ်လုပ်ရတယ်။ လုပ်ပြီးတော့ နောက်ဆုံးသတင်းတွေကို လူထုကို ထည့်ပေးလိုက်တယ်။ အဲဒီမှာ ဘာအချက်တစ်ခုသွားရလဲဆိုတော့ သတင်းစာနဲ့သွားချိတ်မိတာ။ အဲဒီ စပက်လမ်းနဲ့ နှစ်လမ်းလောက်ခြားတဲ့ လွစ်စလမ်းမှာ အိုးဝေသတင်းစာရှိတယ်။ နာမည်ကျော်သတင်းစာဆရာကြီး ဦးညိုမြ ဦးစီးထုတ်တဲ့ အိုးဝေသတင်းစာပေါ့။ အိုးဝေကလည်း အဲဒီအချိန်တုန်းက စုတ်ပြတ်သတ်နေတာ။ ပိုက်ဆံလည်းမရှိဘူး၊ သတင်းထောက်လည်းမရှိဘူးဗျာ။ တော်ကြာဟိုလူက၀င်လာလိုက်၊ လုပ်သွား၊ ထွက်သွားလိုက်။ ဒီလူက၀င်လာ၊ လုပ်သွားထွက်သွားလိုက်၊ သတင်းစာတက္ကသိုလ်ဆိုတဲ့ နာမည်ရှိတဲ့အတိုင်းပဲ ဒီသတင်းစာမှာ ကြေးမုံဦးသောင်းလို ပုဂ္ဂိုလ်မျိုး၊ စိန်ခင်မောင်ရီလို ပုဂ္ဂိုလ်မျိုး၊ သာဂဒိုးလိုပုဂ္ဂိုလ်မျိုး၊ အခြားအခြားသော နာမည်ကြီးသတင်းစာဆရာတွေပေါ့ဗျာ။ လုပ်ကိုင်ဖူးတဲ့သတင်းစာဗျနော်။ ဒါပေမဲ့လို့ လုပ်ငန်းအုပ်ချုပ်မှုတို့ စီစဉ်မှုတို့မှာ ဦးညိုမြက ဖြစ်ကတတ်ဆန်း လုပ်တတ်တယ်၊ သို့မဟုတ်လည်း ငါ့သတင်းစာဆိုတဲ့ ဟန်မျိုး အာရုံစွဲလမ်းမှုတွေ သိပ်မထားဘဲနဲ့ လွယ်လွယ်ကူကူ၊ ပေါ့ပေါ့ပါးပါးလေး လုပ်တယ်လို့လည်း ပြောချင်ပြောပေါ့ဗျာ။ အဲဒီလိုလုပ်တတ်တဲ့အတွက် သတင်းစာက တကယ့်ကို ပရမ်းပတာပဲဗျာ။ ဖြစ်ချင်သလိုဖြစ်နေတဲ့ သတင်းစာပေါ့ဗျာ။

အဲဒီတော့ အဲဒီသတင်းစာမှာက အဲဒီအချိန်တုန်းက သတင်းထောက်တစ်ယောက်ပဲရှိတယ်ဗျ။ သို့မဟုတ်လည်း အယ်ဒီတာအဖွဲ့အထဲမှာ ပုဂ္ဂိုလ်တစ်ယောက်တည်းပဲရှိတယ်ဗျ။ အဲဒီလူက ဘယ်သူလဲဆိုတော့ ပခုက္ကူမြို့သားပေါ့ဗျာ၊ ရဲဘော်ဟောင်း ကိုဘထူးဆိုတာ ရှိတယ်ဗျ။ နောက်ကျတော့ ကိုဘထူးက ဂါးဒီးယန်းသတင်းစာမှာ သွားပြီးတော့ သတင်းထောက်အဖြစ်နဲ့ လုပ်ခဲ့ဖူးတယ်။ အဲဒီတော့ ကိုဘထူးက ဘာလုပ်လည်းဆိုတော့ ကျွန်တော့်ဆီ လာလာပြီးတော့ လည်တယ်။ ကိုဘထူးက ဘယ်သူနဲ့သိလဲဆိုတော့ အဲဒီအချိန်မှာ ကိုရွှေမောင်ဆိုတာ နောက်ပိုင်းမှာ အလွန်နာမည်ကျော်တဲ့ သတင်းစာဆရာ၊ ဓာတ်ပုံသတင်းထောက်၊ သို့မဟုတ် သတင်းစာထဲမှာ ဆောင်းပါးရှင်ပေါ့ဗျာ။ အဲဒီကိုရွှေမောင်ကလည်း ကျွန်တော်တို့ AFP မှာ ဦးစိန်ရီရဲ့ တပည့်အနေနဲ့ စပြီးတော့ ဓာတ်ပုံပညာတို့ဘာတို့ အလုပ်သင်နေတဲ့အချိန်၊ ကျွန်တော်နဲ့လည်း တစ်နယ်တည်းသားဖြစ်တဲ့အတွက် ကျွန်တော်နဲ့အလွန်ခင်တယ်။ ရင်းလည်းရင်းနှီးတယ်။ သေတဲ့အထိ အလွန့်ကို ရင်းနှီးတဲ့ မိတ်ဆွေတွေပေါ့ဗျာ။ ကိုရွှေမောင်နဲ့ ကျွန်တော်နဲ့ကလည်း ရင်းနှီးတယ်၊ ကိုရွှေမောင်နဲ့ ကိုဘထူးကလည်း ရင်းနှီးတဲ့အခါကျတော့ ကိုဘထူးက ကျွန်တော့်ကို သူ့သတင်းစာမှာ နည်းနည်းပါးပါး ကြည့်ပေးပါ။ လာလည်ပါဦးဆိုတဲ့အတွက် တစ်ခါတလေ ကျွန်တော်သွားကြည့်တယ်။ ကြည့်ရင်းကနေ သူတို့လိုအပ်မယ်ထို့ ထင်တဲ့အတိုင်းပဲ နိုင်ငံခြားသတင်းတို့ဘာတို့ကို ကျွန်တော် အားတဲ့အချိန်မှာ ဘာသာတွေဘာတွေ ပြန်တယ်။ နောက်ပြီး အဲဒီဟာကိုယူသွားပြီးတော့ အိုးဝေမှာ ထည့်တယ်။ ဆိုတဲ့အခါကျတော့ အိုးဝေက ဘယ်လိုလဲဆိုတော့ AFP မှာပါတဲ့ နိုင်ငံခြားသတင်းတွေကို မ၀ယ်ရဘဲနဲ့ အလကားရတယ်။ နောက်ပြီးတော့ ဘာသာပြန်ပြီးသားရတယ်။ ဆိုတဲ့အခါကျတော့ အိုးဝေက တော်တော်နိမ့်နေတာပေါ့ဗျာ။ အဲလိုအနေအထားမှာ ဘာတစ်ခါပိုလာလဲဆိုတော့ အဲဒီဗိုလ်ဘထူးဆိုတဲ့လူက ဆရာဦးဝင်းတင်…၊ ခင်ဗျားဒီတိုင်းတော့ မလုပ်ပါနဲ့ဗျာ၊ သတင်းစာလေးပါ ဖောင်လေးပါ ကိုင်ပေးပါဦးဆိုတဲ့အခါကျတော့ ကျွန်တော်ကလည်း လုပ်ချင်ချင်ပေါ့ဗျာ။ အဲ တစ်ခါတလေ ၀င်ထိုင်ပေးတယ်။ တစ်နာရီနှစ်နာရီ၊ တစ်ခါတလေလည်း နှစ်နာရီသုံးနာရီအထိ ကြာတဲ့။

0 comments:

Post a Comment