ခေတ်ဝန် (၂)

မြို့မကျောင်းကနေ အမွေရခဲ့တာကတော့ နိုင်ငံချစ်စိတ်ပဲလို့ ဦးဝင်းတင်က ပြောပါတယ်ခင်ဗျာ။

မြို့မကျောင်းမှာ မနက်တိုင်း တန်းစီရတယ်ဗျ။ ကျောင်းမှာ ဆရာကြီးဦးဘလွင်တို့၊ ဆရာကြီးဦးအေးသွယ်တို့ ဆိုတဲ့ ဒီပုဂ္ဂိုလ်ကြီးတွေရဲ့ ကျွန်တော်တို့ ဟိုဒင်းကို မနက်တိုင်းနားထောင်ရတယ်ဗျ။ နောက်တော့ ကျောင်းမှာ စုပြီးတော့ နံနက်တိုင်း သန့်ရှင်းရေးတွေ လုပ်ရတယ်ဗျာ။ ဆိုတော့ အမျိုးသားစိတ်ဆိုတဲ့ဟာပေါ့ဗျာ.. နော်၊ မျိုးချစ်စိတ်ဆိုတာထက် နိုင်ငံချစ်စိတ်ပေါ့ဗျာ ဟုတ်လား၊ ဒါ တို့ဗမာပြည်ကွ၊ ဗမာပြည် ကိုယ့်တိုင်းပြည် ကို ချစ်ရမယ်။ ကိုယ့်တိုင်းပြည်ကို တိုင်းတစ်ပါးသားများက လာပြီးတော့ စိုးမိုးနေတယ်။ အဲဒါမို့ ဒို့တိုင်းပြည်ကို လွတ်လပ်အောင်လုပ်ရမယ်ဆိုတဲ့ဟာ ကျွန်တော်ငယ်ငယ်ထဲက စပြီးတော့ ကြားဖူးတယ်ဗျ။ ကြားဖူးတယ်ဆိုတာ ခုနပြောသလို ကျွန်တော့်ရဲ့ မိသားစု ပုံသဏ္ဍာန်နဲ့ဆိုရင်တော့ ကြားစရာ သိပ်အကြောင်းမရှိဘူးပေါ့။ ကျွန်တော့် မိဘကလည်း လက်လုပ်လက်စားတွေလို ဖြစ်နေတာကိုး။ သို့သော် မြို့မကျောင်းလို ဟာမျိုးရောက်တဲ့အခါကျတော့ အဲလို မဟုတ်ဘူးဗျ။ သူက နေ့တိုင်း သွန်သင်နေတာကိုး။ မနက်တိုင်း တန်းစီး၊ ဒို့ဗမာသီချင်းပေါ့ဗျာ။ ကျွန်တော်တို့ ဆိုရတယ်ဗျာ။ အဲဒီခေတ်တုန်းက ဒို့ဗမာ သီချင်းကတော့ ကျွန်တော်တို့ ဒီနေ့ဆိုနေတဲ့ ကမ္ဘာမကျေနဲ့တော့ မတူဘူးဗျ။ ဒီသီချင်းကျွန်တော်တို့ ဆိုရတယ်။ အနည်းဆုံး ကျွန်တော်တို့ ခြောက်နှစ်သား၊ ခုနစ်နှစ်သားလောက်မှာ ကိုယ့်တိုင်းပြည်ကို ချစ်ရမယ်ဆိုတာ ကျွန်တော်တို့ သိပြီဗျာ။ ဘယ်တော့ဖြစ်ဖြစ် ညီညီညာညာ စုစုပေါင်းပေါင်း လုပ်ရမယ်ဆိုတာလေးကို ကျွန်တော်တို့ သိတယ်ဗျာ။ ဘာလို့လဲဆိုတော့ အမြဲတမ်း စုပေါင်းပြီးတော့ လုပ်ရတယ်။ နောက်တစ်ခု ကျွန်တော် ဘာမှတ်မိလဲဆိုတဲ့ အခါကျတော့ အမျိုးသားအောင်ပွဲနေ့ ကျွန်တော်တို့ ချီတက်ရတယ်ဗျ။ ဒို့ဗမာ သီချင်းတွေ ဆိုကြတယ်။ နောက်တစ်ခုက ဘာလဲဆို ကျောင်းထဲမှာလည်း လုပ်တယ်ဗျာ။ ဒီနေ့ အောင်ဆန်းကွင်းလို့ခေါ်တဲ့ အဲဒီကွင်းထဲမှာလည်း အားကစားပွဲတွေ လုပ်တယ်ဗျ။ ကျွန်တော်တို့ကတော့ အားကစားတွေဘာတွေ သိပ်ထူးထူးချွန်ချွန်မဟုတ်ပါဘူး။ ငယ်ငယ်တုန်းကလည်း ပြေးခုန်ပစ်တွေလုပ်တယ်ပေါ့ဗျာ။ ဥပမာဆိုရင် လက်ဝှေ့သင်တယ်ပေါ့ဗျာ။ ဘောလုံးကန်တယ်၊ ဒီလိုဟာတွေတော့ ရှိတယ်။ ကျွန်တော်ကလည်း အားကစားတော့ ထူးထူးချွန်ချွန်တော့ မဖြစ်ပါဘူး။ သို့သော် ငယ်ငယ်ထဲက ဒီ အားကစားတို့ဘာတို့ကို စိတ်ဝင်စားတယ်ဗျ။ ဒီနေ့ထိလည်း ကျွန်တော် ဘောလုံးပွဲကြည့်တုန်းပေါ့ဗျာ။



၁၉၃၉/၄၀ ခုနှစ်လောက်မှာ ဦးဝင်းတင်ရဲ့မိဘတွေက အင်းစိန်ဘက်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ သူ့ကို အင်းစိန်ကနေ ရထားနဲ့ မြို့မကျောင်းကိုဆက်ပြီး တက်ခိုင်းခဲ့ရာမှာ ဘ၀တစ်လျှောက်လုံး မမေ့နိုင်တဲ့ သင်ခန်းစာတစ်ခုကို ရခဲ့တယ်လို့ ဦးဝင်းတင်က ပြောပါတယ်ခင်ဗျာ။

ကျွန်တော်ကတော့ ကလေးပီပီ ဆော့တာပေါ့ဗျာ။ တက်လိုက်ဆင်းလိုက်တို့၊ ဟိုအတွဲကနေဟိုအတွဲ ခုန်ကူးတာတို့ဘာတို့ လုပ်တာပေါ့ဗျာ။ အဲဒီမှာ ကျွန်တော် ဒိုင်းဆို တစ်ရက်လည်းကျရော ပလက်ဖောင်းနဲ့ ရထားတွဲထဲ ကျသွားတယ်။ အဲဒီ ကျသွားတဲ့အချိန်မှာ ရထားကြီးက ကျွန်တော့်အပေါ်ကနေ ဖြတ်မောင်းသွားတာပေါ့ဗျာ။ အရှိန်ကလည်း သတ်လို့မရဘူး။ ဒါပေမဲ့ ရထားပေါ်ကလည်း အုတ်အော်သောင်းနင်းပေါ့ဗျာ အော်ကြဟစ်ကြတွေဖြစ်တော့ ရထားက ကျွန်တော့်ကို ကျော်သွားတဲ့အချိန်လောက်ရောက်မှကို အရှိန်သတ်လို့ ရတော့တယ်ဗျာ။ ရထားက ကျွန်တော့်ကို လွန်သွားတဲ့အချိန်မှ အောက်ထဲမှာ ကျွန်တော် ထွက်လာရတယ်ပေါ့ဗျာ။ ကျွန်တော့်ကို လူတွေကလည်း ၀ိုင်းပြီး၊ သေပြီထင်တာပေါ့ဗျာ။ ကျွန်တော်က ဘာမှမပြောဘူး။ ဒီတိုင်း ဖုတ်ဖတ်ခါပြီးတော့ ကျွန်တော့် ထမင်းချိုင့်လေး ကျွန်တော်ဆွဲပြီး၊ ကျွန်တော့်လွယ်အိတ်ကလေး ပြန်လွယ်ပြီးတော့ ကျွန်တော် ထွက်လာတာ။ ထားတော့ ဒါက သိပ်အရေးမကြီးဘူး။ အရေးကြီးတာက ဘာလဲဆိုတော့ ကျွန်တော့်မှာ အမြဲတမ်း သတိရှိရတယ်ဆိုတဲ့ ဟာလေးတစ်ခုကို “သတိ” ဆိုတာလေးကို သွားသိရတယ်။ သိရတဲ့အကြောင်းက ဒီလိုဗျ။ ပြောရဦးမယ်။ အဲဒီရက်ပိုင်းမှာ အခု ကာတွန်းဆရာကြီး ဦးဖေသိန်း ပေါ့ဗျာ။ ဦးဖေသိန်းတို့ကလည်း အင်းစိန်မှာ နေတယ်ဗျ။ ကျွန်တော်တို့လမ်းနဲ့ သိပ်မဝေးဘူး။ အဲဒီတော့ ဦးဖေသိန်းရဲ့ အစ်ကိုလား ညီလား ကျွန်တော် သိပ်ပြီးတော့ မကွဲပြားတော့ဘူးဗျ။ ကိုသိန်းထွန်းဆိုတဲ့လူ ရှိတယ်ဗျ။ သူက အနုပညာကျောင်းတက်ရင်း သူက ကျွန်တော့်လိုပဲ ရထားပေါ်က လိမ့်ကျပြီးတော့ ကွယ်လွန်တယ်ပေါ့ဗျာ။ အဲဒီတော့ အဲဒီလူ ကွယ်လွန်တဲ့အချိန်မှာ ဘာပြောကြလဲ ဆိုတဲ့အခါကျတော့ အဲဒီ ကိုသိန်းထွန်းဟာတဲ့ ရထားပေါ်က ကျသွားရင် သူသာ သတိနဲ့ရှိပြီးတော့ ၀ပ်နေရင်တဲ့ သေမှာမဟုတ်ဘူးတဲ့။ သူက ကုန်းထတာလား၊ သို့မဟုတ် ဆိုရင်လည်း ပက်လက်လန်ကျရာကနေပြီးတော့ ထထိုင်သလိုဟာမျိုး လုပ်တာလား၊ ဘာလားတော့မသိဘူး။ အပေါ်က ရထားရဲ့ တန်းတွေဘာတွေနဲ့ပေါ့ဗျာ၊ ခေါင်းမှာဒဏ်ရာတွေရပြီးတော့ ကွယ်လွန်တယ်ဆိုပြီးတော့ အဲဒီစကားလေးဟာ ကျွန်တော် မှတ်မိနေတယ်ဗျ။ ကျွန်တော် ရထားပေါ်က ကျသွားတဲ့အချိန်မှာ ကျွန်တော်က ပက်လက်လန်ကျတယ်ဗျာ။ ပက်လက်လန်ကျပြီးတော့ ကျွန်တော့် လက်တစ်ဘက်က ရထားသံလမ်း ပေါ်မှာ ရောက်နေတယ်။ ကျွန်တော့်လက်ကို ရထားက ချက်ချင်း မကြိတ်မိဘူးဗျ။ ဝေးနေသေးတယ်။ ရထားဘီးလာနေတာ တွေ့တဲ့အခါကျတော့ ကျွန်တော်ခုနပြောတဲ့ ဦးသိန်းထွန်း သတိနည်းနည်းလစ်သွားတဲ့ အတွက်ပေါ့ဗျာ ဟုတ်လား၊ သူခေါင်းမှာ ဒဏ်ရာရပြီးတော့ ကွယ်လွန်တယ်ဆိုတဲ့.. အဲဒီဟာလေးကို မှတ်မိနေပြီးတော့ ရထားသံလမ်းပေါ်မှာ ကျနေတဲ့ ကျွန်တော့်လက်ကို ရုတ်လိုက်ပြီးတော့ ကျွန်တော် အသာလေး ၀ပ်နေတဲ့အခါကျတော့၊ ကျွန်တော် သေဘေးက လွတ်သွားတယ် ဆိုပါတော့ဗျာ။ သို့မဟုတ်လည်း လက်ပြတ်တဲ့ဘေးက လွတ်သွားတယ်။ ကျွန်တော် ဆက်ပြောရဦးမယ်။ အဲဒီလို ရထားပေါ်က ကျပြီးလည်းပြီးရော ကျွန်တော့်ကို ရုံပိုင်ကြီးဆီ ခေါ်သွားတယ်။ ရုံပိုင်ကြီးကနေပြီးတော့ ကျွန်တော့်ကို ကျောင်းသားမှန်း သိတဲ့အခါကျတော့ ကျောင်းကို သတင်းပို့တယ်။ နောက်ဆုံး ကျွန်တော့်မိဘကို အကြောင်းကြားတဲ့အခါကျတော့ ကျွန်တော့် အဖေက၊ သို့မဟုတ်လည်း ကျွန်တော့် အမေကပေါ့ဗျာ ဒီလောက်ဝေးတဲ့နေရာ မသွားစေနဲ့တော့၊ တစ်နေ့နေ့ ရထားပေါ်က ထပ်ကျမယ်။ အင်းစိန်ကျောင်းပြောင်းနေဆိုပြီးတော့ အင်းစိန်ကျောင်း ပြောင်းလိုက်တာပေါ့ဗျာ။ အင်းစိန်ကျောင်းဆိုတာ တရားရုံးတို့ ဘာတို့နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ကျောင်းပဲဗျ။

အင်းစိန်အထက်တန်းကျောင်း ရောက်သွားတဲ့အခါ၊ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရ စဉ်းစားစရာတွေ ဦးဝင်းတင် ရရှိခဲ့ပါပြီ။

အဲဒီကျောင်းက ကရင်တွေကလည်း အများကြီးဗျ။ ကျွန်တော် လူမျိုးခြားတွေတော့ တွေ့ဖူးတယ်။ တရုတ်တွေတွေ့ဖူးတယ်၊ ကုလားတွေ တွေ့ဖူးတယ်။ တိုင်းရင်းသားဆိုတာ ကျွန်တော် မတွေ့ဖူးဘူးဗျ။ ဆိုတော့ အဲဒီမှာ ကျွန်တော် ကရင်ဆိုတာ သွားတွေ့တဲ့အခါကျတော့ ဒါ ဒို့တိုင်းရင်းသား။ ဒို့လူမျိုး ဆိုတဲ့ အသိလေးတစ်ခု ၀င်သွားတယ်ပေါ့ဗျာ။ ငါနဲ့တော့ စကားမတူဘူး။ ငါနဲ့တော့ အသားအရောင် မတူဘူး။ ငါနဲ့တော့ ရုပ်မတူဘူး။ ဒါပေမဲ့ ဒီလူတွေကက ငါတို့ရဲ့ တိုင်းရင်းသားတွေ။ အဲဒါ ကျွန်တော် အသိပေါ်ခဲ့တယ်ဗျ။ အဲဒါကျွန်တော် အင်းစိန်ကျောင်းမှာ နေရတဲ့ဟာရဲ့ အမြတ်ပဲဗျ။

ဦးဝင်းတင် မိခင်ရဲ့ ဦးလေးတစ်ယောက်ဟာ ရန်ကုန်မီးသတ်အရာရှိချုပ်နဲ့ မီးသတ်ညွှန်ကြားရေးဝန် တာဝန်တွေထမ်းဆောင်ခဲ့တဲ့ မီးသတ် ဦးလှကျော်ဆိုသူ ဖြစ်ပါတယ်။

အဲဒီဦးလှကျော်ဟာ အဲဒီအချိန်တုန်းက ဘာလဲဆိုတော့၊ အခု မြို့တော်ခန်းမှာ သူက အထိန်းပေါ့ဗျာ။ ဒီခေတ်အခေါ်နဲ့ဆိုရင် ကြီးကြပ်ရေးမှူးပေါ့ဗျာ။ သူက အဲဒီမြို့တော်ခန်းမမှာ နေရတဲ့အခါကျတော့ အခုမြို့တော်ခန်းမ မျက်နှာစာဘက်ကနေ ကြည့်လို့ရှိရင်ပေါ့ဗျာ၊ ညာဘက်ဆိုတာ အရှေ့ဘက်ပေါ့ဗျာ။ ဟိုး လေးထပ်၊ အပေါ်ဆုံးထပ်မှာ ကျွန်တော့်ဦးလေး၊ အဲဒီ နောက်ပိုင်းမှာ မီးသတ်ဦးလှကျော်ဆိုပြီးတော့ ထင်ရှားလာမယ့် ပုဂ္ဂိုလ်က နေတယ်ဗျ။ စနေနေ့ညဆိုလို့ရှိရင် မဟာဗန္ဓုလပန်းခြံထဲမှာ ကျွန်တော်တို့ ရုံလေးတစ်ရုံရှိတယ်ဗျ။ အဲဒီမှာ အငြိမ့်ကတယ်ဗျ။ သိပ်ပြီးတော့ အသံတွေဘာတွေလည်း မကြားရဘူး၊ အဝေးကြီးကိုးဗျ။ သို့သော် မှန်ပြောင်းရှိတဲ့ အခါကျတော့ မှန်ပြောင်းနဲ့ ပြတင်းပေါက်ကနေပြီးတော့ ကျွန်တော်တို့ ကြည့်တယ်ဗျ။ ဆိုတော့ ဘာကိုကျွန်တော် သွားပြီးတော့ နှမျောလည်းဆိုတဲ့အခါကျတော့ ဒီနေ့ ဒီလို အငြိမ့်တွေဘာတွေပြန်ပြီးတော့ ဒီလို ပန်းခြံထဲမှာပေါ့ဗျာ၊ ကပြမယ်ဆိုရင် မြို့တော်လူထုအဖို့လည်း ပျော်စရာရွှင်စရာပေါ့ဗျာ။ Open Air ပွဲလမ်းသဘင်ကိုး။ နောက်တစ်ခုက အခု တဖြည်းဖြည်းနဲ့ ခေတ်ကုန်လာတယ်ဆိုတဲ့ အနေမျိုး ဖြစ်နေတဲ့ အငြိမ့်တို့ဘာတို့လည်း ပြန်ပြီးတော့ ခေတ်စားလာတာပေါ့ဗျာ။

ဦးဝင်းတင်ရဲ့မိခင်ဘက်က အဘိုးတွေထဲမှာ မီးသတ်ဦးလှကျော်အပြင် ဦးလှကျော်ရဲ့ ညီဖြစ်တဲ့ ကိုစောလွင်ဆိုသူလည်း ရှိပါသေးတယ်။ အဲဒီအဘိုးလေး ဦးစောလွင်ဟာ နောင်တစ်ချိန်မှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင် ဖြစ်လာခဲ့သူပါ။ ကိုစောလွင်ဟာ သူ့အစ်ကို ဦးလှကျော်ရဲ့ နေရာပေးမှုနဲ့ မြို့တော်ခန်းမက အခန်းတစ်ခုမှာပဲ နေထိုင်တယ်လို့ ဆိုပါတယ်။

ကိုစောလွင်ကိုလည်း ကျွန်တော့်အမေရဲ့ ညီမတွေဘာတွေခေါ်သလိုပဲ ကျွန်တော်က သူ့ကို ကိုကိုစောပဲခေါ်တယ်။ ကိုစောနဲ့အတူ နိုင်ငံရေးသမားတွေက သူနဲ့လိုက်နေတယ်။ ကျွန်တော်အခုထိမှတ်မိတာက၊ ကိုအေးကြည်ဆိုတာ နောက်ပိုင်းကျတော့ ကွန်မြူနစ်ပါတီရဲ့ မြောက်ပိုင်းတိုင်းမှူးတို့ဘာတို့ ဖြစ်သွားတဲ့ ဗိုလ်မှူးအောင်မြင့်လို့ ကျွန်တော် မှတ်မိတယ်ဗျ။ တောထဲမှာပဲ ကျဆုံးသွားသလား ဘာလား၊ မသိဘူးဗျ။ ဆိုလိုတာက အဲဒီမှာ နိုင်ငံရေးသမားတွေ စုတယ်ပေါ့ဗျာ။ ဒီနိုင်ငံရေးသမားတွေထဲကနေပြီးတော့ နိုင်ငံရေးစကားတွေ ကြားတယ်။ တစ်ခါတလေ ကျွန်တော့် အဲဒီ ကိုကိုစောပေါ့ဗျာ။ ဗိုလ်မင်းခေါင်ကလည်း ဟေ့ကောင် မင်းစကားနားထောင်ချင်ရင် ဒီတိုင်းနားမထောင်နဲ့ ငါ့ခြေထောက်နှိပ်ပေး ဆိုတာမျိုးတို့၊ ကျောကုပ်ပေးဆိုတာမျိုးတို့ သူတို့လူကြီးဝိုင်းထဲမှာ ခုနပြောတဲ့ သူတို့ခြေသလုံးနှိပ်ပေးရင်းတို့ သူတို့ကျောကုပ်ပေးရင်းတို့ ဆိုတာနဲ့အတူပေါ့ဗျာ၊ အငြိမ့်မရှိတဲ့နေ့တွေမှာ ကျွန်တော် သူတို့နဲ့အတူပဲ အိပ်ပြီးတော့ သူတို့နဲ့အတူပဲ သူတို့အခန်းထဲမှာပဲ ကျွန်တော် နေပြီးတော့၊ ကျွန်တော်က အဲဒီအချိန်တုန်းကတော့ ဆိုပါတော့ဗျာ၊ ဆယ်နှစ်သား ပတ်ဝန်းကျင်လောက်ပေါ့ဗျာ။ သူတို့ကတော့ ကျွန်တော်ထင်တယ် ဆယ့်ရှစ်နှစ်၊ ဆယ့်ကိုးနှစ် အနှစ်နှစ်ဆယ် စသည်ပေါ့။ အဲဒီအချိန်မှာ ကျွန်တော် နိုင်ငံရေးစကားတွေ အများကြီး ကြားရတယ်။

ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကိုလျှောက်ခြင်း အပိုင်း (၂) ကို ဒီမှာတင် ရပ်နားခွင့်ပြုပါ။ ရှေ့အပတ်မှာ ဒုတိယကမ္ဘာစစ်ရဲ့ အနိဌာရုံတွေနဲ့ ဦးဝင်းတင် ကြုံတွေ့ခဲ့ရပုံကို နားဆင်ရမှာ ဖြစ်ပါတယ်ခင်ဗျာ။

0 comments:

Post a Comment