စာပေမွေ့လျော်မှု ပျိုးထောင်ခြင်း

၁၉၇၂ ခုနှစ် နိုင်ငံတကာစာအုပ်နှစ် အထိန်းအမှတ်စာတမ်းများ (မန္တလေး)

◄ ဦးဝင်းတင် ►


(၁)

စာဖတ်အလေ့ဆိုတာက စာအုပ်စာတမ်းတွေကို အခိုက်အခါအလျောက် ကောက်ကိုင်ဖတ်ရှုတဲ့ အလေ့အထ ဖြစ်ပါတယ်။ စာဖတ်ဝါသနာဆိုတာကတော့ စာအုပ်စာတမ်းတွေကို နှစ်လိုနှစ်ခြိုက်ဖတ်ရှုတဲ့ အစွဲအလမ်း ဖြစ်ပါတယ်။ စာဖတ်အကျင့်ဆိုတာကတော့ စာအုပ်စာတမ်းတွေကို အစဉ်တစိုက် အရူးအမူး ဆည်းပူးတဲ့အကျင့် ဖြစ်ပါတယ်။

စာဖတ်သူတိုင်း စာဖတ်အလေ့၊ စာဖတ်ဝါသနာ၊ စာဖတ်အကျင့်ကို မရနိုင်ပါဘူး။ စာဖတ်ချင်စိတ်တွေကို စေ့ဆော်နိုင်တဲ့ ပုံပြင် ဒဏ္ဍာရီတွေထဲမှာ စွဲလမ်းမှုလည်း ရှိဦးမှ၊ စာအုပ်လည်းရှိဦးမှ၊ စာအုပ်နဲ့လည်း ရေစက်ဆုံဦးမှ၊ ဗဟုသုတရှာချင်တဲ့စိတ်ဓာတ်အခံကလည်း ရှိဦးမှ ဖြစ်နိုင်ပါတယ်။

စာပေမွေ့လျော်မှုပျိုးထောင်ခြင်းလှေကားမှာ ပုံပြင်ဒဏ္ဍာရီစွဲခြင်းဟာ ပထမအထစ်ဖြစ်ပါတယ်။ ကျွန်တော့်ကိုယ်တွေ့ကလေးကို ပြောပြပါရစေ။ ကျွန်တော်ငယ်ငယ်တုန်းက ပုံပြင်ဒဏ္ဍာရီတွေကို အများကြီးနားထောင်ခဲ့ရပါတယ်။ ကျွန်တော့်မိဘတွေနေတဲ့ အင်းစိန်မြို့ကနေပြီး ဇာတိတောမြို့ကလေးကို ပြန်သွားတိုင်း အဖွားပြောပြတဲ့ပုံပြင်တွေကို ကျွန်တော် ၀အီနေအောင် နားထောင်ရပါတယ်။

အမှန်အတိုင်းပြောရရင် ပုံကိုသာစွဲသာပါ။ စာအုပ်ကိုကျတော့ ကျွန်တော်ကြောက်နေပါတယ်။ မကြောက်ဘဲလည်း မနေနိုင်ဘူး။ ကျွန်တော်ရင်ဆိုင်တွေ့နေရတဲ့စာအုပ်တွေက ကျွန်တော့်ကို မဆွဲဆောင်နိုင်ပါဘူး။

ကျွန်တော်တို့အိမ်မှာ စနေနေ့တိုင်း ၀ိပဿနာတရားဆွေးနွေးဝိုင်း လုပ်ပါတယ်။ ဓမ္မမိတ်ဆွေတွေကို မုန့်ကျွေးပါတယ်။ ဧည့်သည်တွေမုန့်စားနေတုန်းမှာ လယ်တီဆရာတော်ဘုရားကြီးရဲ့ ဒီပနီတွေ၊ သံခိပ်တွေ၊ သံဝေဂလေးချိုးတွေ၊ ဘုရားရှိခိုးတွေကို ကျွန်တော်က ဖတ်ပြရပါတယ်။ ဒီတော့ ကျွန်တော့်အဖို့ စာအုပ်ဆိုတာ စိတ်မ၀င်စားစရာ ကြောက်စရာလိုဖြစ်ခဲ့ရပါတယ်။

ဒါကြောင့် တချို့ ငယ်ငယ်ရွယ်ရွယ်နဲ့ စာဖတ်ဝါသနာပါနေပြီလို့ ပြောကြပေမယ့် ကျွန်တော်က ၁၀ နှစ်သားကျော်အထိ စာဖတ်ဝါသနာ မပါပါဘူး။ (စာရေးဆရာမင်းကျော်က အသက် ၇ နှစ်သားကတည်းက စပယ်ပင်လိုအချစ်ဝတ္ထုမျိုးနဲ့ မဂ္ဂဇင်းတွေစုံထောက်ဝတ္ထုတွေ ဖတ်နေပြီလို့ ပြောပြဖူးပါတယ်။)

ဆရာမင်းသုဝဏ်က ကျွန်တော်တို့ခေတ်မှာ စာအုပ်ရှားတော့ အဘိုးအဘွားပြောတဲ့ပုံတွေ နားထောင်ရတာပဲ။ နောက်မှ ပျော်တော်ဆက်တို့ ကြည်တော်မူတို့ဆိုတဲ့ မဂ္ဂဇင်းတွေတွေ့ပြီး စာဖတ်ဝါသနာ ပါတာပဲလို့ ပြောပြပါတယ်။ ဒေါ်ဒဂုန်ခင်ခင်လေးက သူ့ရဲ့ နှစ်ပေါင်း ၆၀ စာအုပ်မှာ အဘွားပြောပြတဲ့ပုံပြင်တွေကို ငယ်စဉ်ကပင် အစွဲနာ၍ မှတ်မိနေသည်လို့ ရေးခဲ့ပါတယ်။

ပီမိုးနင်းရဲ့မိခင်ဟာ ပုံတိုပတ်စ အပြောကောင်းပါတယ်။ စာအုပ်စာတမ်းတော့ရှိတယ်၊ ဒါပေမဲ့ အလေ့ဝါသနာအကျင့်ကို ဖြစ်ထွန်းစေနိုင်စွမ်းရှိတဲ့ စာအုပ်စာတမ်းမျိုး မရှိဘူးဆိုရင်လည်း အလေ့ဝါသနာအကျင့်ကို မပေါ်စေနိုင်ဘူး။ ဥပမာ ကျေးရွာတစ်ရွာက ဘုန်းကြီးကျောင်းသားလေးတစ်ဦး စာဖတ်တတ်တယ်။ ဒါပေမဲ့ တစ်ရွာလုံးမှာ သူ့အရွယ်နဲ့လိုက်ဖက်တဲ့စာအုပ် မရှိဘူး။ သူ့စိတ်ကို တိမ်းညွတ်စေနိုင်တဲ့ အချစ်ဝတ္ထု၊ ကဗျာလင်္ကာနဲ့ အတတ်ပညာစာအုပ် မရှိဘူးဆိုပါတော့။ လောကုတ္တရာစာအုပ်တွေသာ ရှိတယ်ဆိုပါတော့။ အဲဒီ ကလေးဟာ (အထုံပါရမီကြီးမားလွန်းသူမဟုတ်ရင်) ဘယ်မှာ စာဖတ်အလေ့၊ စာဖတ်ဝါသနာ၊ စာဖတ်အကျင့်ကို ရနိုင်ပါ့မလဲ။

စာကြေးမုံ ကြီးမောင်က သူ့စာပေမွေ့လျော်မှု အတွေ့အကြုံကို ပြောပြဖူးပါတယ်။ သူကြီးပြင်းခဲ့တဲ့ရွာမှာ ဘုရားရှိခိုးစာအုပ်သာ ရှိသတဲ့။ ၀တ္ထုဖတ်ဖို့ တစ်ညအိပ်ခရီးသွားပြီး ငှားရသတဲ့။ ဒီလိုအပင်ပန်းခံနိုင်လို့ သူ စာဖတ်ဝါသနာပါလာတာပေါ့။ နို့မှုတ်ရင် ဘယ်မှာစာဖတ်ဝါသနာ ပါနိုင်ပါတော့မလဲ။

“တောသားတွေစာဖတ်ရမှန်းမသိဘူးလို့ ရေးလိုက်တာကတော့ ဟုတ်ပါရဲ့။ စာဖတ်တာ ကောင်းသကွဲ့လို့ဆိုရုံနဲ့ ကိစ္စပြီးရင်တော့လည်း ကောင်းသားပေါ့။ ဘယ်မလဲစာအုပ် ဘယ်မလဲပိုက်ဆံ” ဆိုတဲ့ ၁၉၃၆ ခုနှစ် ဇန်န၀ါရီလထုတ် ကြီးပွားရေးမဂ္ဂဇင်းမှာ မောင်သံချောင်းအမည်ဝှက်နဲ့ သိပ္ပံမောင်ဝ ရေးခဲ့တဲ့စကားဟာ ဒီအချက်ကိုထင်ရှားစေပါတယ်။

ဒီတော့ စာဖတ်အလေ့၊ စာဖတ်ဝါသနာ၊ စာဖတ်အကျင့်ကို ပျိုးထောင်ဖို့ စာတတ်ရပါမယ်။ စာအုပ်နဲ့မိတ်ဆက်ပေးတဲ့ ပုံပြင်ဝတ္ထုစွဲလမ်းမှု ရှိရပါမယ်။ စာအုပ်နဲ့ တွေ့ဆုံရင်းနှီးရပါမယ်။ ဒီအချက်တွေအားလုံး ပေါင်းဆုံဆက်စပ်မိမှ စာပေမွေ့လျော်မှုကို ရနိုင်မယ်။ စာပေမွေ့လျော်သူတိုင်း ပထမ စာဖတ်တတ်တယ်၊ ဒုတိယ ပုံပြင်ဝတ္ထုစွဲတယ်၊ တတိယ စာအုပ်နဲ့တွေ့ဆုံတယ်လို့ ဆိုချင်ပါတယ်။

စာပေမွေ့လျော်သူဟာ စာလည်းတတ်စပြုပြီ။ ပုံပြင်ဒဏ္ဍာရီလည်း စွဲစပြုပြီ။ ဒီလိုဆိုရင် စာအုပ်ကိုတွေ့ဖို့သာ လိုပါတော့တယ်။ စာအုပ်ကိုတွေ့ရင် အဲဒီလူဟာ စာဖတ်ဝါသနာမပါဘဲ မနေတော့ပါဘူး။ မုချဝါသနာပါတော့မှာ ပါပဲ။

ကျွန်တော့်အဖို့ စာအုပ်နဲ့ စိမ်းကားသောတွေ့ဆုံခြင်းမျိုးနဲ့ တွေ့ဆုံခဲ့ရပေမဲ့ တချို့ကျတော့ စာအုပ်နဲ့ ငယ်ပေါင်းကြီးဖော်လို တွေ့ခဲ့ရပါတယ်။ စာအုပ်နဲ့အတူ ကြီးပြင်းခဲ့ကြရပါတယ်။ ကွယ်လွန်သူသံအမတ်ကြီး ဦးတင့်ဆွေက သူ့ရဲ့ ၂၄ နာရီဆိုတဲ့စာအုပ်မှာ “ကျွန်တော်သည် စာသံပေသံတွေကြားတွင် မွေးလာရ၏။ ကျွန်တော် ကြီးပြင်းလာရသော ဘုရားလမ်းအိမ်ကြီးတွင် ကျွန်တော်ငယ်စဉ်အခါက မြန်မာစာအုပ် အင်္ဂလိပ်စာအုပ်တွေ အများကြီးရှိ၏” လို့ ရေးပြပါတယ်။ ဒီတော့ သူတို့လိုပုဂ္ဂိုလ်မျိုးအဖို့ စာအုပ်နဲ့တွေ့ဆုံပုံဟာ ထမင်းစားရေသောက် သဘောပေါ့။

ဆရာကြီးရွှေဥဒေါင်းဆိုရင် သူ့ဆရာဦးရွှေမှန်က စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးကို ရှင်းပြပါတယ်။ စာအုပ်ကို ငှားလဲ ငှားပါတယ်။ စာအုပ်တွေကို ဖတ်လည်းဖတ်ခိုင်းပါတယ်လို့ ဦးဖေသိန်း၏ ရွှေဥဒေါင်းစာအုပ်မှာ ရေးထားတာ တွေ့နိုင်ပါတယ်။ ဒီလိုနဲ့ပဲ ဆရာကြီးရွှေဥဒေါင်းလည်း စာအုပ်နဲ့တွေ့ခဲ့တာပဲ။

စာအုပ်ဆိုင်၊ စာကြည့်တိုက်မှတစ်ဆင့် စာအုပ်နဲ့တွေ့ပြီး စာပေမွေ့လျော်မှုကို ပျိုးထောင်နိုင်ခဲ့သူတွေလည်း ရှိပါသေးတယ်။ စာကြည့်တိုက်တွေဟာ စာဖတ်သူတွေကို စာအုပ်နဲ့တွေ့ရလွယ်အောင် ဆောင်ကြဉ်းနိုင်ပါတယ်။ စာပေမွေ့လျော်မှုပျိုးထောင်ရာမှာ စာအုပ် အလွယ်တကူ ရယူဖတ်ရှုနိုင်ရေးဟာ အရေးကြီးတဲ့လိုအပ်ချက်တစ်ရပ် ဖြစ်ပါတယ်လို့ စာပေဗိမာန်စာကြည့်တိုက်မှူး ဒေါ်တင်အေးကြည်က ထင်မြင်ချက်ပေးပါတယ်။

ဒဂုန်တာရာနဲ့ တက္ကသိုလ်ထင်ကြီးတို့ကတော့ သူတို့မိသားစုမှာ တစ်ဦးတည်းသား၊ အငယ်ဆုံးသားတွေဖြစ်လို့ အိမ်ပြင်ကို ထွက်ခွင့်မရကြဘူး။ အဖော်မရှိဘူး။ မိဘက စာအုပ်ကိုပဲ ပေးထားတယ်။ ဒီတော့ သူတို့အဖို့ စာအုပ်သာအဖော်၊ စာအုပ်သာ သူငယ်ချင်း ဖြစ်နေပါတယ်။ စာအုပ်နဲ့အမြဲတွေ့နေပြီး စာဖတ်ဝါသနာ ပျိုးထောင်ခွင့် ရခဲ့ကြပါတယ်။ သူတို့က ဒီလိုပဲ ပြောပြပါတယ်။

အဲဒီပုဂ္ဂိုလ်တွေ စာအုပ်နဲ့တွေ့ပုံလည်း မတူ၊ စာအုပ်နဲ့တွေ့ပုံတွေထဲမှာလည်း တစ်သက်မမေ့အောင် စွဲသွားစေတဲ့နည်းနဲ့ တွေ့သူတွေ ရှိပါသေးတယ်။

အနောက်အာဖရိက ဂီနီနိုင်ငံက ကပ္ပလီမင်းသား မိုဒူပီဆိုသူ စာအုပ်နဲ့တွေ့ပုံကို ပြောပြချင်ပါတယ်။ မာရှယ်မက်ကလူဟန်ဆိုသူရဲ့ Understanding Media ဆိုတဲ့ စာအုပ်ထဲမှာ ရေးထားတာပါ။ အဲဒီကပ္ပလီလေးဟာ စာအုပ်တွေကို ခရစ်ယန်သာသနာပြု ဘုန်းတော်ကြီးရဲ့ အိပ်ခန်းထဲမှာ စတွေ့ပါတယ်။ ခရစ်ယန်သာသနာပြုဘုန်းတော်ကြီးရဲ့ အိပ်ခန်းထဲမှာ စာအုပ်စင်တွေ ရှိပါတယ်။ ပထမတော့စာအုပ်ဆိုတာ သူဘာမှန်းမသိဘူး။ တဖြေးဖြေးမှ နားလည်လာတယ်။

“စာရွက်ပေါ်ကအမှတ်အသားတွေဟာ ထောင်ချောက်မိနေတဲ့ စကားလုံးတွေပါကလား။ ဒီအမှတ်အသားတွေကို အဓိပ္ပာယ်ဖော်နိုင်ရင် နှောင်ကြိုးတဲခံနေရတဲ့ စကားလုံးတွေဟာ စကားသံတွေ၊ အတွေးတွေ ဖြစ်လာမှာပါကလား။ စာရွက်ပေါ်က မင်တွေဟာ နှောင်ကြိုးတွေပါကလား” လို့ သူ့စိတ်မှာ အသိဝင်လာသတဲ့။

အဲဒီအသိကို ရလိုက်တာနဲ့တစ်ပြိုင်နက် သူ့နိုင်ရဲ့ မြို့တော်ဖြစ်တဲ့ ကွန်နာကရီမြို့တော်ကြီးရဲ့ ထိန်ထိန်ညီးတဲ့ မီးရောင်တွေကို သူစတင်မြင်ဖူးစဉ်က ကြက်သီးဖြန်းဖြန်းထအောင် အံ့သြရတဲ့ခံစားမှုမျိုးကို ခံစားလိုက်ရသတဲ့။ အံ့ဘွယ်ကောင်းတဲ့ အဲဒီစာအုပ်တွေကို ဖတ်ချင်တဲ့ ဆန္ဒဇောကလည်း သူ့တစ်ကိုယ်လုံး နတ်ပူးသလို ခိုက်ခိုက်တုန်စေသတဲ့။

စာရေးဆရာမန်းတင်ရဲ့ စာအုပ်တွေ့ဆုံခန်းကလေးကလည်း အာရုံစွဲငြိစရာ ကောင်းပါတယ်။ သူ့လို စာအုပ်နဲ့တွေ့ခဲ့ရသူလည်း အများကြီးရှိပါလိမ့်မယ်။ အဲဒီလို စာအုပ်နဲ့ အတွေ့ထူးတွေ့တဲ့သူတွေအဖို့ စာဖတ်ဝါသနာမပါဘဲ ဘယ်မှာရှိနိုင်ပါ့မလဲ။

မန်းတင်ရဲ့ စာအုပ်တွေ့ပုံကို သူ့ရဲ့ ပထမအရွယ်ဆိုတဲ့ စာအုပ်ထဲမှာ ဒီလိုရေးထားပါတယ်။ ကျွန်တော် ဖတ်ပြပါရစေ။

“တစ်နေ့သော် ဖိုးသူတော်ကလေးသည် ကျွန်တော့်ထံသို့ ကတိုက်ပရိုက်ပြေးလာသည်။ ကျွန်တော် ကျောင်းကလေးထဲသို့ ရောက်သောအခါ ဟိုဟိုသည်သည်ကြည့်၍ တိုးတိုးလေးပြောပါသည်။ “ကိုရင်ဓမ္မရက္ခိတ ဘယ်သူ့မှ မပြောနဲ့နော်” “ဘာလဲ ဖိုးသူတော်ရ” “ဒီမယ် စာအုပ်တစ်အုပ်တွေ့လာတယ်။ ဟိုဆွမ်းစားကျောင်းအောက်က။ မန္တလေးက ငါးပိသည်တွေ ကျန်ခဲ့တာထင်တယ်” “ဘာစာအုပ်လဲ” သူသည် ဟိုဟိုသည်သည် ကြည့်ပြန်ပါသည်။ “ဘာစာအုပ်လဲ၊ တရားစာအုပ်လား” ဟု ကျွန်တော်က ထပ်မေးလိုက်ပြန်ပါသည်။ “မဟုတ်ဘူး ကိုရင်ရ” “ဒါဖြင့် ဘာစာအုပ်လည်း ပြစမ်းပါဦး” သည်တော့မှ သူသည် အပေါ်အာရုံအောက်တွင် ၀ှက်လာသော စာအုပ်ပါးကလေးကို ထုတ်ပြပါသည်။ လားလား၊ အတော်ထူးဆန်းသည့်စာအုပ်”

“အဲဒီ လားလား တော်တော်ထူးဆန်းသည့်စာအုပ်” ဆိုတာနဲ့ ရင်ဆိုင်တွေ့လိုက်ရတဲ့အတွက်ကြောင့် မန်းတင်ခမျာ ကျောင်းထိုင်ဘုန်းကြီးရဲ့ ဒဏ်ပေးတာကို ခံရရှာပါတယ်။ စာအုပ်လေးခမျာလည်း မီးရှို့ခံရပါတယ်။ ဒါပေမဲ့ စာပေမြတ်နိုးစိတ်၊ စာဖတ်ချင်စိတ်ဟာ သူ့ရင်ထဲမှာ သရိုးကိုင်ထားသလို ကပ်ငြိ ကျန်ခဲ့ပါတော့တယ်။

ကျွန်တော့်အနေနဲ့ကတော့ အဲဒီပုဂ္ဂိုလ်တွေလို တစ်ချက်တည်းနဲ့ တစ်သက်စွဲလောက်တဲ့တွေ့ဆုံပုံမျိုးနဲ့ စာအုပ်ကို မတွေ့ခဲ့ရပါဘူး။ ဒါပေမဲ့ စစ်ပြေးတော့ မရှောင်သာတဲ့ အမြှောင်ကြားမှာ စာအုပ်ကို အုံ့ပုန်း မုန်းကြောက်နေတဲ့ ကျွန်တော်ဟာ စာအုပ်နဲ့ ညားရပါတော့တယ်။

ကျွန်တော်တို့အိမ်အပေါ်ထပ်မှာ စာအုပ်ဘီရိုတွေရှိတယ်။ ကြမ်းပြင်ပေါ်မှာလည်း စာအုပ်တွေ၊ ဂျာနယ်မဂ္ဂဇင်းတွေ တစ်ပုံတစ်ပင်ကြီး ရှိတယ်။

အဲဒီအချိန်မှာ ကျွန်တော့်စာဖတ်ဘ၀လမ်းကြောင်းကို ပြောင်းပေးလိုက်တဲ့ စာအုပ်ကို သွားတွေ့ပါတယ်။ ဦးဗဂျီငိုအမည်ခံ တိုးတက်ရေးဦးစိန်ရေးတဲ့ ကြီးပွားချမ်းသာရေးကျမ်းဖြစ်ပါတယ်။ ဒီကျမ်းရဲ့သြဇာဟာ ကျွန်တော့် စာဖတ်လမ်းကြောင်းကို ဖြောင့်ဖြူးသွားစေပါတယ်။ အမေရိကန်သမ္မတလင်ကွန်း စာဖတ်ပုံ၊ အမေရိကန်သမ္မတ ဂါဖီး စာဖတ်ပုံ၊ သိပ္ပံပညာရှင်ကြီး အက်ဒီဆင် စာဖတ်ပုံတွေကို ကျွန်တော်ဖတ်ရပါတယ်။ ကျွန်တော် အားကျပါတယ်။ သူတို့လို ကိုယ်လည်း ဖတ်ချင်လာပါတယ်။ သူတို့လို ကိုယ်လည်း ဖြစ်ချင်လာပါတယ်။

ဒါကြောင့် ဗဟုသုတကို စာအုပ်ထဲမှာ ရှာမယ်ဟေ့၊ အသိပညာကို စာအုပ်ထဲမှာ ရှာမယ်ဟေ့လို့ ကြုံးဝါးမိပါတယ်။ သန္နိဋ္ဌာန်ချမိပါတယ်။ ဒါကြောင့် တစ်အုပ်ပြီးတစ်အုပ်ဖတ်ပါတယ်။ ဘာစာအုပ်ဖြစ်ဖြစ် ဖတ်လိုက်ပါတယ်။ ဘာစာအုပ်ဖြစ်ဖြစ် ဖတ်လို့ကောင်းတာချည်းပါပဲ။ ဖတ်လို့ပျော်တာချည်းပါပဲ။ ဖတ်လို့ စွဲတာချည်းပါပဲ။

ဆရာဇေယျရဲ့ ဖတ်ချင်တဲ့စာဖတ်ဆိုတဲ့ ဆောင်းပါးထဲက ပြောပုံမျိုးနဲ့ပြောရရင် “တစ်ပုဒ်ပြီးတစ်ပုဒ် ဘယ်လိုလာဦးမည်လဲဟု သိလိုဇောပြင်းထန်လှသောကြောင့် မရပ်မနားဖတ်သွား၏။ ဖတ်တွင်းမှာလည်း အရသာရှိ၏။ တစ်ပုဒ်ထက်တစ်ပုဒ် အမြင်ကျယ်သွား၏။ ရှေးက မတွေးမိ၊ မကြံမိ၊ သဘောမပေါက်ခဲ့သော အနက်အဓိပ္ပာယ်များသည် ဘွားကနဲပေါ်လာ၏။ ရှေးက အရသာမရှိ၊ အဆင်းမလှဟု ထင်ခဲ့ရသော ထိုကျမ်းများသည် ယခုအခါ မျက်စေ့ထဲ၌ လှပ၍နေ၏။ ယခင်က ပျင်းရိဖွယ်ရာ ခြောက်ကပ်နေသော လွင်တီးခေါင်ကြီးသည် ယခုအခါ ပန်းပေါင်းစုံပွင့်သော ဥယျာဉ်ကြီးကဲ့သို့ ဖြစ်၍နေပါပြီ”

အဲဒီလိုနဲ့ ကျွန်တော် စာဖတ်တာ အရသာတွေ့စပြုလာပါတယ်။ စစ်ပြီးစမှာ ဂျာနယ်ကျော်ဦးချစ်မောင် ကွယ်လွန်ပါတယ်။ ဇနီးဖြစ်သူ ဂျာနယ်ကျော်မမလေးဟာ သူလိုလူအမည်နဲ့ ဦးချစ်မောင်အကြောင်းကို စာအုပ်ရေးပါတယ်။ အဲဒီစာအုပ်ကို ဖတ်ရတဲ့အခါမှာ ကျွန်တော့်ရဲ့ စာဖတ်စွဲလမ်းမှုဟာ ပိုကြီးသွားပြန်ပါတယ်။

အဲဒီ ဦးပဂျီငိုစာအုပ်နဲ့ ဂျာနယ်ကျော်မမလေးရဲ့ စာအုပ်နှစ်အုပ်ကြောင့် ကျွန်တော့်ရဲ့စာဖတ်စွဲလန်းမှုဟာ ကြီးမားခဲ့ရပါတယ်။

အခြေအနေကွဲပြားပေမယ့် ကျွန်တော်လိုပဲ စာဖတ်အလေ့၊ စာဖတ်ဝါသနာနဲ့ စာဖတ်အကျင့်ရခဲ့သူပေါင်း မြောက်များစွာ ရှိပါလိမ့်မယ်ဆိုတာ အထူးပြောဖို့လိုမယ် မထင်ပါဘူး။ ဒီအထိ ကျွန်တော်တင်ပြခဲ့တာဟာ စာဖတ်အလေ့အထပေါ်ဖို့အတွက် ပုံပြင်ဒဏ္ဍာရီ အရေးကြီးပုံ၊ စာအုပ်နဲ့ ကောင်းသောတွေ့ခြင်းမျိုးနဲ့ တွေ့ဆုံဖို့ အရေးကြီးပုံတွေ ဖြစ်ပါတယ်။


ဆက်ရန် ►

“ဥဒါန်း” မဂ္ဂဇင်း၊ အတွဲ (၂) ဇန်န၀ါရီ ၂၀၀၅ မှ ပြန်လည်ရိုက်နှိပ်ဖော်ပြပါသည်။

0 comments:

Post a Comment