ခေတ်ဝန် (၁၀)

ရန်ကုန်တက္ကသိုလ်တက်နေစဉ်မှာပဲ သတင်းစာလောကကို ဦးဝင်းတင် စတင်ခြေချခွင့် ရခဲ့ပါတယ်။

အဲဒီအချိန်တုန်းက စာအုပ်စာတမ်းလေးတွေကလည်း ထွက်နေတာပဲဗျ။ သိပ်ပြီးတော့လည်း ဟုတ္တိပတ္တိ မဟုတ်ဘူး။ ဈေးကလည်း တမူးဖို့တို့၊ တမူးဆိုတာ တစ်ကျပ်ဖိုးရှစ်စောင်ပေါ့ဗျာ။ ဂျာနယ်လေးတွေ ထွက်တယ်ဗျာ။ သတင်းစာတစ်စောင် တစ်ပဲတန်သတင်းစာတို့ဘာတို့တောင် ရှိတယ်ဗျ။ သူများတွေက လေးဖောင်ပေါ့။ လေးဖောင်ဆိုတာ (၁၆) မျက်နှာလောက် ထုတ်တဲ့အချိန်၊ သူတို့က နှစ်ဖောင်ပေါ့။ (၈) မျက်နှာလောက်ထုတ်တာပေါ့။ အဲလို သတင်းစာတွေလည်း ထွက်တယ်ဗျ။ သတင်းစာလောကတို့ စာပေလောကတို့ကို ကြည့်လိုက်တဲ့အခါ ကျတော့လည်း နာမည်ကြီးဆရာတွေကလည်း၊ ဥပမာဆိုပါတော့ဗျာ ဆရာကြီး မဟာဆွေ ဆိုပါတော့ဗျာ ဟုတ်လား၊ ဆရာမကြီး ခင်ဆွေဦးရဲ့ ဖခင်ပေါ့ဗျာ၊ ဥပမာ ဆရာဇ၀နလို ပုဂ္ဂိုလ်တွေ၊ ဆရာကြီးရွှေဥဒေါင်းလို ပုဂ္ဂိုလ်ကလည်း ကျော်ကြားတုန်းဗျ။ နောက်တစ်ခါ အလားတူပဲ လူထုဦးလှတို့၊ လူထုဒေါ်အမာလို သတင်းစာဆရာကြီးတွေကလည်း အလွန်ကို ကျော်ကြားနေတဲ့ အချိန်..နော်။
အဲဒီတော့ ရန်ကုန်ဘက်တစ်ခါ ပြန်ပြီးတော့ လှည့်ကြည့်လိုက်တဲ့အခါကျတော့ ရန်ကုန်မှာလည်း ဥပမာဆိုပါတော့ တိုတယ်ဦးစိန်လိုပုဂ္ဂိုလ်တွေ၊ မြို့မမောင်လို ဆရာကြီးတွေ၊ သတင်းစာဆရာကြီး ဦးလူမောင်လို ပုဂ္ဂိုလ်မျိုးတွေ၊ နောက်တစ်ခါ စာရေးဆရာ ဓူဝံအနေနဲ့ အလွန်ကျော်ကြားတဲ့ ဆရာကြီးဦးသန်းတင်။ အဲဒီပုဂ္ဂိုလ်တွေကြားထဲမှာပေါ့ဗျာ ကျွန်တော်က ယောင်လည်ယောင်လည်နဲ့ အဲဒီကြာထဲ ရောက်သွားတယ်။ သတင်းစာနဲ့ပတ်သက်လို့လည်း သိပ်နားမလည်ဘူး။ နားမလည်လို့ ရေးတတ် သားတတ်သလားဆိုတော့လည်း ရေးတတ်သားတတ်တဲ့အဆင့်လည်း သိပ်မရောက်သေးဘူး။ ကဗျာရေး၊ ၀တ္ထုရေး၊ ဆောင်းပါးရေး ဒီလိုဟာလေးမျိုးလောက်ပေါ့။ ဆိုတော့ အဲဒီလို ကျွန်တော်စံထားရတဲ့ ပုဂ္ဂိုလ်ကြီးတွေအနေနဲ့ကျတော့ သတင်းစာသမားတိုင်း စံပြပုဂ္ဂိုလ်ကြီးအနေနဲ့သတ်မှတ်တဲ့ ဂျာနယ်ကျော်ဦးချစ်မောင်ပေါ့ဗျာ။ သတင်းစာကိုဖိပြီးတော့၊ ဘ၀ကို နှစ်ပြီးတော့ လုပ်တဲ့ပုဂ္ဂိုလ်မျိုးပေါ့ဗျာ။ ဂျာနယ်ကျော်ဦးချစ်မောင်ဆိုတာ ဟုန်းဟုန်းတောက်နေတဲ့ နာမည်ဖြစ်သော်ငြားလည်း သူ့ စာကလည်း များများ ပလူပျံနေတဲ့စာမျိုး မဟုတ်ဘူးဗျ။ အထူးသဖြင့် ကျွန်တော်က ဦးချစ်မောင်ကို သိပ်ကြည်ညိုတယ်။ ကျွန်တော်က အဲဒီထဲကို ချာလည်ချာလည်နဲ့ကျွန်တော် ရောက်သွားတာ။ ကံအားလျော်စွာပဲ ကျွန်တော်က သံတော်ဆင့်ဦးသိန်းမောင်ရဲ့ သံတော်ဆင့်နဲ့သွားဆက်မိတယ်ဗျ။ သံတော်ဆင့်ဦးသိန်းမောင်က ဘယ်မှာရှိလဲဆိုတော့ ဟိုအချိန်တုန်းက ဂလုပ်ရုပ်ရှင်ရုံရဲ့ မျက်နှာချင်းဆိုင်လောက်မှာ အဲဒီမှာ သူ့ရဲ့ သံတော်ဆင့် သတင်းစာတိုက်ပေါ့ဗျာ။ အဲဒါလေး ရှိတယ်ဗျ။ နှစ်ထပ်တိုက်လောက်ကလေး။ နိမ့်နိမ့်လေးပဲ။ အဲဒီသံတော်ဆင့်ကနေပြီးတော့ အရံထုတ်နေတဲ့ “အကျိုးဆောင်ဂျာနယ်” ဆိုတာ ကျွန်တော်ပထမဦးဆုံး အနေနဲ့ စလုပ်ဖူးတယ်။ နောက်ပြီးတော့ သံတော်ဆင့်ကျွန်တော် ၀င်ပြီးတော့ ဟိုဟာဒီဟာ၊ လေ့လာတဲ့ဟာတို့ဘာတို့၊ ကြည့်ဖူးတယ်။ သံတော်ဆင့်မှာ အဲဒီအချိန်တုန်းက အယ်ဒီတာလုပ်နေတဲ့ ပုဂ္ဂိုလ်က ဦးမောင်မောင်ကြည်လို့ဆိုပြီးတော့ နာမည်ကြီးတဲ့ သတင်းစာဆရာ၊ နောက်ပိုင်းမှာ နန္ဒာတို့ဘာတို့ဆိုတဲ့ ပြင်သစ်ဝတ္ထုတွေကို ဘာသာပြန်သွားတဲ့ ဦးမောင်မောင်ကြည်ဆိုတဲ့ ပုဂ္ဂိုလ်။ ၁၉၆၃/၄ လောက်မှာ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာကို ထုတ်တဲ့အခါမှာလည်း သူအဲဒီမှာ အယ်ဒီတာ ၀င်လုပ်သေးတယ်ဗျ။ ဦးမောင်မောင်ကြည်ဆီမှာ ကျွန်တော်နည်းနည်းပါးပါး ဟိုဟာလုပ်ဒီဟာလုပ် လုပ်။ နောက်တစ်ခါ ဂျာနယ်မှာလည်းကျွန်တော် လုပ်ပေါ့ဗျာ။ သို့သော် အဲဒါကလည်း ဟိုလုပ်ဒီလုပ်၊ ဟိုကခိုင်းဒီကခိုင်းနဲ့ လုပ်ရတာကိုး။ ဒီထဲမှာ အလုပ်ရဆုံးကိစ္စကတော့ ဘာလဲဆိုတော့ စာရေးတဲ့ဟာတို့၊ တည်းဖြတ်တဲ့ကိစ္စတို့ ဖောင်သွင်းတဲ့ကိစ္စ၊ ဖောင်ပိတ်တဲ့ကိစ္စဆိုတာမျိုးတွေ လုပ်ရတာထက်ပေါ့ဗျာ၊ အဲဒီ အကျိုးဆောင်ဂျာနယ်ကို ကျွန်တော်တို့က ထုပ်ပိုးပြီးရင် မြို့တော်ခန်းမရဲ့ အခန်းတစ်ခန်းမှာရှိတဲ့ စာတိုက်ရှိတယ်ဗျ အဲဒီအချိန်တုန်းက။ အဲဒီမှာ သွားသွားပြီးတော့ ပို့ရတဲ့ အဆင့်လောက်ပါပဲဗျာ။ သို့သော် ကျွန်တော်က သတင်းစာလောကထဲကို စပြီးတော့ ခြေချမိတယ်၊ အသိအကျွမ်းလေးနည်းနည်းပါးပါးရှိတယ်၊ နောက်ပြီးတော့ ခဲစာလုံးအကြောင်းလေး နည်းနည်းနားလည်တယ်၊ စာမျက်နှာဖွဲ့တဲ့အကြောင်းလေး နည်းနည်းနားလည်တယ်၊ ခေါင်းစဉ်တပ်တဲ့ အကြောင်းလေး နည်းနည်းနားလည်တယ်၊ ဘာသာပြန်တဲ့ အကြောင်းလေး နည်းနည်းနားလည်တယ်၊ စသည်ပေါ့ဗျာ။ တိုလီမုတ်စပေါ့။ ဒီလောက်ပဲ သိပြီးတော့ လေးငါးရှစ်လလည်းကြာရော ပိတ်သွားရောဗျ။ ၁၉၅၀ ထဲလောက် ရောက်သွားပြီပေါ့။


အဲဒီတုန်းက စာနယ်ဇင်းသမားအတော်များများဟာ သူ့လိုပဲ ရန်ကုန်တက္ကသိုလ်ကျောင်းဆောင်မှာနေရင်း အလုပ်လုပ်ကြတယ်လို့ ဦးဝင်းတင်က ပြောပါတယ်ခင်ဗျာ။

ကျောင်းဆောင်မှာက အဲဒီခေတ်တုန်းက ထမင်းခတို့ဟုတ်လား၊ အဆောင်နေခတို့ အားလုံးစုစုပေါင်း (၆၀) ပဲ ကျတယ်ဗျ။ ထမင်းလခက (၄၈) ကျပ်ပေးရတယ်။ အဆောင်နေခက (၁၀) လောက်ပေးရတယ်။ မဂ္ဂဇင်းကြေးဆိုပြီးတော့ နှစ်ကျပ်လောက်ပေးရတယ်။ အဲဒီတော့ ငွေ (၆၀) ပေးလိုက်ရင် ကျောင်းမှာနေလို့ရတယ်ဗျ။ နောက်ကမာရွတ်ကနေ၊ ကျောင်းကနေပြီးတော့ မြို့ထဲကိုထွက်ရင်လည်း တစ်ရက်ကို တစ်မူးဆိုရင်လည်း ရှစ်ရက်လောက်ကြာမှ တစ်ကျပ်လောက်ကုန်တယ်။ ခရီးစရိတ်ပေါ့။ ဆိုတော့ ကျွန်တော်က အဲဒီမှာ ဂျာနယ်လေးလည်းလုပ်ရင်း ကျောင်းမှာလည်း နေတယ်။ ဂျာနယ်သွားလုပ်တယ်။ သတင်းစာမှာသွားလုပ်တယ်။ ဟိုကသင်ဒီကသင် ဟိုလူခိုင်းတာလုပ် ဒီလူခိုင်းတာလုပ်နဲ့ အဲလိုနဲ့နေရင်း ရှစ်လလောက်လည်းကြာရော ဂျာနယ်က ပြုတ်သွားရောဗျ။ တစ်ခါ သတင်းစာကပ်မယ်ဆိုပြန်တော့လည်း သံတော်ဆင့်မှာလည်း ကျွန်တော့်ကို နေရာပေးနိုင်လောက်အောင်၊ အလုပ်ခန့်နိုင်လောက်အောင်လည်း သိပ်တောင့်တောင့်တင်းတင်းမရှိဘူး၊ သူကိုယ်တိုင်လည်း သိပ်မကြာခင်မှာပဲ ပြုတ်သွားပြန်ရောဗျ။ ကျွန်တော် အဲဒီမှာ ရန်ကုန်သတင်းစာကို သွားဖို့ ကြိုးစားတယ်။ အဲဒီမှာ စကားဖြတ်ပြောရင် အဲဒီအချိန်မှာ ကျွန်တော်က...။

1 comments:

Notes on Web of My Pieces said...

ဟာ.။...ဖြတ်သွားပြန်ပြီ...ဒီအပိုင်းကလည်း..ပို စိတ်ဝင်စားသွားပြန်ပြီ...မြန်မြန်လေး...Coming Soon.....!!!!
မကြာမီ လာမည်...း)

Post a Comment