သာယာဝတီထောင် လက်ပါးနှင့် အရူးတိုက် (၂)

ရေးသားသူ ◄ လန်ထောင်စပ်စုလေး ►

ဒါပေမဲ့ ဘာသံမှ ဆက်မကြားရတော့ဘဲ တိတ်ဆိတ်သွားပြန်ပါတယ်။ ဒီလိုအခါမျိုးမှာ တရားရှုမှတ်ရ ပိုမိုပြတ်သားတတ်တာ အတွေ့အကြုံရှိသူတို့ ပိုသဘောပေါက်မယ်ထင်ပါတယ်။ စပ်စုစိတ်တွေ တော်တော်ငြိမ်နေပါပြီ။ မလွင့်ပါးတော့ပါဘူး၊ လွှင့်ရင်လဲ လွှင့်တာသိနေနိုင်ပါပြီ။ ၁၀-မိနစ်လောက်ကြာမှ ထောင်ပိုင်ကြီးအဖွဲ့ရဲ့ အသံတွေ စ,ကြားလာရပါတယ်။ တခန်းပြီးတခန်းမေးမြန်းသံတွေကို စပ်စုကြားနေ မှတ်နေမိပါတယ်။ စပ်စုအခန်းအလှည့်ကိုရောက်တော့ စပ်စုကလဲ ကိုယ့်တရားကိုယ်မှတ်နေမိပါတယ်။ မျက်လုံးဖွင့်မကြည်ပါ။ ထောင်ပုံစံ မထိုင်ဘဲ တင်ပလ်္လင်ခွေတရားထိုင် ထိုင်နေတာပါ။ လက်အနေအထားကလဲ ဒူးပေါ်လက်သီးဆုပ်တင် ထောင်ပုံစံ အနေအထားမဟုတ်ဘဲ တရားထိုင်တဲ့ ဘယ်လက်ပေါ် ညာလက် ပက်လက်ထပ်ရက် အနေအထားပါ။ ခေါင်းကိုလဲ ထောင်ပုံစံ ၄၅-ဒီဂရီ မငုံ့ဘဲ မတ်မတ်ထောင်ထောင် ၉၀-ဒီဂရီပါ။ ထောင်ပိုင်အလှည့်မှာ ဒီလိုထိုင်တာဟာ ထောင်စည်းကမ်းဖေါက်ဖျက်မှုတဲ့၊ နိုင်ငံရေးအကျဉ်းသားတွေ မကြာခဏ အရေးယူခံရလေ့ရှိပါတယ်။

သူတို့တတွေ အနံ့တဟောင်းဟောင်းထနေတဲ့ မစင်လောက်တက်ရည်အပြည့် ဂန်ဖလားရယ်၊ လောက်တွေရယ်၊ တရားထိုင်နေတဲ့ စပ်စုရယ်ကို အကြာကြီးလေ့လာနေကြပုံ ရပါတယ်။ တီးတိုးပြောဆိုတိုင်ပင်သံတွေလဲ မကြားတချက် ကြားတချက်ပါ။ နောက်မှ “ ဖြူဝင်း၊ လိမ်လိမ်မာမာနေ- မိလ္လာချခွင့်ပေးမယ်” ဆိုတဲ့ ထောင်ပိုင်ကြီး အသံကိုကြားရပါတယ်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ အားလုံးခပ်လှမ်းလှမ်းကနေ ကြည့်နေကြတာ တွေ့ရပါတယ်။ တယောက်မှ အနားမကပ်ကြပါ။ ယူနီဖေါင်းအပြည့်နဲ့ ရှိုးစမိုးတွေ မစင်လောက်တက်ရည် နံစော်စော်ကိုတော့ ကြောက်ကြပုံရပါတယ်။ ကြိုတင်တွေးထားတဲ့အတိုင်း “မင်းတို့လူမဆန်တဲ့ကောင်တွေဘဲ” လို့ပြန်ပြောမယ် စိတ်ထဲက ဖြစ်လိုက်သေးပေမဲ့ ထောင်ဆရာဝန်ရဲ့ မျက်စိ တဖက်မှိတ်ပြလိုက်တာကိုတွေ့လိုက်တော့ ဘာမှပြန်ပြောမနေတော့ဘဲ မျက်စိပြန်မှိတ် မျက်လွှာပြန်ချပြီး တရားမှတ်မြဲ မှတ်နေလိုက်ပါတယ်။ နောက် တနာရီလောက်အကြာ၊ ထောင်ပိုင် အလှည့်အပြီးမှာတော့ စပ်စုရေချိုးခွင့် မိလ္လာချခွင့် ပြန်ရပါတယ်။ ခြေကျဉ်းနဲ့ဒေါက်ကိုတော့ ဖြုတ်မပေးကြပါဘူး။



ထောင်ဝင်စာပိတ်ခံထားရတဲ့ အဲ့ဒီ ၃-လအတွင်းမှာတော့ စပ်စု တော်တော်လေး အပိုးကျိုးသွားပါတယ်။ အဆောင်မှာနေရစဉ် ဦးနေ၀င်းအမျိုးလို့ ဆိုတဲ့ ပေါင်းတလည်က ထောင်ကျအဘိုးကြီးတဦးက နေလည်၁၂-နာရီကျော်ကျော်မှာ ဥပုသ်သည်စပ်စုဆီ သကြားလာတောင်းလို့ ဒေါသထွက်မိတာကို ကိုယ်တိုင် ထောင်ဝင်စာပိတ်ခံရတဲ့ အချိန်မှာတော့ နောင်တရ, ရပါပြီ။ ထောင်ပုံစံ စပါးလုံး, ကျောက်ခဲ ရောရာ မာဆတ်ဆတ်ထမင်းနဲ့ တီကောင်၊ မြက် နဲ့ ထူးထူးဆန်းဆန်း အရွက်ပေါင်းစုံ ပစ်္စည်းပေါင်းစုံပါ အဆစ်ပါလာတတ်တဲ့ တာတပေါဟင်း၊ ပဲဟင်း အရည်ကြဲတွေကိုလဲ ဇွတ်မှိတ်မျိုချနိုင်ရဲတဲ့သတ်္တိတွေ စပ်စုမှာရှိနေပါပြီ။ ဘယ်လိုမှ ဇွတ်မှိတ်နိုင်စွမ်းမရှိတော့တဲ့အချိန်မှာ သောက်ရေအေးတခွက်ကိုလဲ ဟင်းချိုပူပူအမှတ်နဲ့ စပ်စုထမင်းစားတတ်ခဲ့ပါပြီ။ အဲ့ဒီတုံးက အနူရောဂါသည် တက်ပု စပ်စုကို သနားလို့ဆိုပြီး မျှားပြီးချက်ကျွေးဘူးတဲ့ လျှို့ဝှက်ငါးဟင်းအရသာကိုလည်း အခုထိ မကြာမကြာ အမှတ်ရမိနေဆဲပါ။

အပြစ်ဒဏ် ၃-လပြည့်တော့ စပ်စု ထောင်ဝင်စာပြန်တွေ့ခွင့်ရပါတယ်။ လက်ပါးနဲ့အရူးတိုက် အခန်းနံပါတ်၂-( စိုးမြင့်နဲ့ကပ်လျက်အခန်း) မှာဘဲ ပြောင်းနေရပါတယ်။ အဲ့ဒီအခန်းဟာ စပ်စုအတွက်တော့ မှတ်မှတ်ရရတွေ အတော်များပါတယ်။ ဓမ္မကဗျာပေါင်း ၇၀-ကျော် ၈၀-အဲ့ဒီအခန်းမှာ နှုတ်နဲ့စပ်ဆိုနိုင်ခဲ့ပါတယ်။ ၀ိပဿနာဆိုင်ရာ ဖြစ်တဲ့ “ဗုဒ္ဓမြတ်စွာဘုရား၏ စက်ြဝဠာတခုလုံးဆိုင်ရာ ရုပ်,နာမ်,နိဗ်္ဗာန် သီအိုရီ” ကဗျာရှည်ကြီးကိုလည်း အဲ့ဒီအခန်းမှာဘဲ စပ်ဆိုနိုင်ခဲ့ပါတယ်။ နောင်ဘောပင်တချောင်းရတော့ အင်္ကျီအဖြူကို ပြောင်းပြန်လှန်ပြီး မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ မှတ်မိသမျှ ဒီကဗျာတွေကို စုပေါင်းပြီး မကြာခင်မှာ “မွန်မြတ်ရတနာ ဓမ္မကဗျာများ” စာအုပ် Online က ဓမ္မဒါန ဖြန့်ချိပါမယ်။

အဲ့ဒီအခန်းမှာဘဲ ကျေးဇူးတော်ရှင် တောင်စွန်းဆရာတော်ကြီး ဧတဒဂ်ရှင်ပညာဇောတ ရဲ့ ဗုဒ်္ဓဓမ်္မပြဿနာများ စာအုပ်အပါအ၀င် စာအုပ်တော်တော်များများလဲ လျှို့ဝှက် ဖတ်ခွင့်ရခဲ့ပါတယ်။ ပရိတ်ကြီး ၁၁-သုတ်၊ ဓမ္မစကြ်ာ၊ အနတ်္တလက်္ခဏသုတ်အပါအ၀င်၊ ပါဠိ မြန်မာ အင်္ဂလိပ် စာပေါင်းများစွာ ဖတ်ရှု့လေ့လာခွင့်ရယုံမက အလွတ်ကျက်မှတ်ပြန်အံနိုင်သည်အထိ စပ်စု “ကိုယ့်လူ့အခွင့်အရေးကို ကိုယ်တိုင်ရယူ” နိုင်ခဲ့ပါတယ်။ အဲ့ဒီတုံးက ကူညီခဲ့သူ အပေါင်းကိုလည်း တသက်တာ ကျေးဇူးရှင်များအဖြစ် စပ်စု ဒီဆောင်းပါးကနေ မေတ်္တာပို့သပါတယ်။ အထူးသဖြင့်တော့ “ကိုယ့်ခေါင်းထဲမှာရှိတာမှ ကိုယ့်စာ” ဆိုပြီး မင်္ဂလာဗျူဟာ ပိဋက ၃-ပုံ ပဒေသာ ဆရာဖြစ်သင်တန်း ၆-နှစ်ကျော်ကြာ တက်ရောက်ဆည်းပူးခဲ့စဉ်မှာ ကျေးဇူးတော်ရှင် ဖျာပုံတိုက်သစ်ဆရာတော်ကြီးရဲ့ဆုံးမမှု အနန္တကျေးဇူးတော်ပါဘဲ။ “ကျက်အံကြံကြည့်” ခဲ့လို့ ခေါင်းထဲမှာ အမြဲရှိနေတဲ့တရားဓမ်္မက အခုလို လိုသလိုစာဖတ်ခွင့်မရှိတဲ့ စပ်စုကို ဘယ်လိုနေ ဘယ်လိုပြော ဘာကိုလုပ် လို့ အမြဲညွှန်ပြပေးခဲ့ပါတယ်။ ဘုရား တရား သံဃာ မိဘ ဆရာ ကျေးဇူးတွေနဲ့ စပ်စုတယောက် ထောင်တွေထဲမှာ ထောင်သင့်တာထောင်၊ ကျသင့်တာကျနိုင်ခဲ့တာပါ။

နောက်ထူးခြားမှုတခုကတော့ နှစ် ၂၀၀-ပြက္ခဒိန်ပါဘဲ။ ထောင်တွေထဲက တိုက်တွေထဲ တိုက်ပိတ်နေရသူတွေဟာ နံရံတွေပေါ်မှာ ဟိုရေးဒီခြစ် လုပ်လေ့ရှိပါတယ်။ တပါးသူရေးထားတာတွေလဲ အလွတ်ရသည်အထိ အကြိမ်ကြိမ်ဖတ်ကြတာပါဘဲ။ ဒီလိုနဲ့ စာဖတ်ခွင့်ပိတ်ပင်မှုကိုဆန့်ကျင် တော်လှန်ကြတာပါ။ ဆင်ကြီးကို သဲတပွင့်နဲ့ ပစ်တာပါ။ ဒါပေမဲ့ တခါတခါ ဒီသဲတပွင့်က ဆင်ကြီးရဲ့ မျက်လုံးထဲဝင်သွားရင် ဆင်ကြီးပြာပြာသလဲ ယောက်ယက်ခတ်သွားတတ်မြဲပါ။ စပ်စု အခုနေရတဲ့ တိုက်ခန်းနံရံမှာ အရင်နေသွားသူ တယောက်ယောက်က ပြက်္ခဒိန်လေးတခု မီးသွေးခဲနဲ့ မှိန်မှိန်ရေးထားခဲ့ပါတယ်။ ရိုးရိုးသားသား ပြက္ခဒိန်ပါ။ ဘာဆန့်ကျင်မှု ဘာလျှို့ဝှက်မှု မှ မပါ ပါဘူး။ ဒါကိုတနေ့မှာ ၀န်ထမ်းတဦးက တွေ့သွားပြီး ဘာမပြော ညာမပြော ထုံးဖြူဖြူ ကွက်သုတ်ပြီး လာဖျက်သွားပါတယ်။ စပ်စုစိတ်ထဲမှာတော့ မကြည်လင်ပါဘူး။ မကျေညက်ပါဘူး။

တနေ့မှာတော့ ငယ်စဉ်က ကျက်ထားတဲ့ ကဗျာလေးတပုဒ်ထဲက မှတ်မိသမျှ စာသားလေးတွေ ပြန်ဆိုကြည့်မိပါတယ်။ “မှတ်စရာ နောင်လာများ၊ ထောင်ရာအား ချန်ပါ။ ဆောင်ကာထား ကျန်နှစ်ဖြာကို၊ မှန်မကွာ ၄-ခုနဲ့စား၊ -----၊ သိလိုရက်ဖြည့်စွက်ကာရယ်၊ စားသတ်္တာ ဆပွားလို့၊-----၊ ရက်ထပ်နှစ်သိလိုပါရင်၊----။” အကုန်မမှတ်မိတော့ပေမဲ့ ခုနှစ်, လ, ရက် ကနေ နေ့ကိုတွက်ယူနိုင်တဲ့ ပြက်္ခဒိန် ကဗျာလေးပါ။ ဒီကဗျာလေးကို အခြေခံပြီး “တက်ပု” ကောက်ရလာတဲ့ ရှေးခေတ်ကျောက်တံကြီး တချောင်းနဲ့ ကြမ်းပြင်မှာ ပြက်္ခဒိန် ဖေါ်မြူလာ တွက်ထုတ်ကြည့်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ “ဖေဖ၀ါရီ ၁၃-မှာ၊ ဗိုလ်ချုပ်မွေးနေ့ပါ၊ ၁၉၁၅-ရှေ့နေ ဦးဖါသား၊” စနေနေ့ရယ်။ ၁၉၄၇-ဇူလိုင်၁၉ရက် စနေနေ့ရယ်။ စပ်စုရဲ့မွေးနေ့ ၁၉၅၂ စက်တင်ဘာလ ၁၃-ရက်၊ စနေနေ့ရယ်။ စပ်စုရဲ့ သားသမီး ၃-ယောက် မွေးနေ့တွေရယ် ပေါင်းစပ်လိုက်တော့ ပြက္ခဒိန် ဖေါ်မြူလာ တခုရပါတယ်။ တွေ့သမျှ မွေးသက္ကရာဇ်မေးပြီး တွက်ချက်ကြည့်တော့ အဖြေမှန် အမြဲရနေရော။ ဒါကိုကြမ်းပြင်ပေါ်မှာဘဲ ဒီဇိုင်းဆွဲ။ နောက်တော့ ဘီစကွပ်မုံ့ထုတ် အောက်ခံကဒ်ပြားတခုမှာ ရေးခြစ်ဖြတ်တောက် ဖေါက်ထုတ်လျော်တိုက် စမ်းသပ်ကြည့်တော့ AD ၁၉၀၀ ကနေ AD ၂၀၀၀ အထိကြည့်လို့ရတဲ့ အိတ်ဆောင် နှစ် ၁၀၀-ပြက်္ခဒိန်လေးတခုဖြစ်လာပါတယ်။ အင်းစိန်ထောင်ပြန်ရောက်တော့ ဖြစ်နိုင်ခြေ ဒီဇိုင်းအမျိုးမျိုး လျှို့ဝှက်ကြံစည်ရေးဆွဲပုံစံထုတ်နိုင်ခဲ့ပါတယ်။ ထောင်ကလွတ် ကျူရှင်လုပ်ငန်းပြန်လုပ်၊ ၁၀-တန်း English စာမှာ Calendar ဆိုတာပြဋ္ဌာန်း တော့ နှစ်၁၀၀ ကနေ နှစ် ၂၀၀ ပြက္ခဒိန် ဖြစ်လာပါတယ်။ စပ်စုရဲ့ ၄-လက်မခွဲ x ၃-လက်မ ကဒ်ပြား ၂ချပ်သာ ပါတဲ့ နှစ် ၂၀၀-ပြက္ခဒိန် သင်ထောက်ကူဟာ အဲ့ဒီလို သာယာဝတီထောင် အင်းစိန်ထောင် ကနေ စတင်ပေါက်ဖွားခဲ့တာပါ။

မြန်မာပြည်အနှံ့ ဖြန်ချိနိုင်ခဲ့ပြီး အခု အိန်္ဒိယကတဆင့် ကမ္ဘာကိုဖြန့်ဘို့ အဆင်သင့်ဖြစ်နေပါပြီ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုအမိန့် အပါအ၀င် ကမ်္ဘာ့ပြည်သူအားလုံး အတိတ် ပစ္စုပ္ပန် အနာဂတ် အချိန်တွေကို လွတ်လွတ်လပ်လပ် သိပိုင်ခွင့်။ ပြက်္ခဒိန်လူ့အခွင့်ရေးလှုပ်ရှားမှုတခုပါ။ စပ်စုအနေနဲ့တော့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်အထိမ်းအမှတ် စာကြည့်တိုက်တွေ တည်ထောင်ဘို့ ရန်ပုံငွေရှာရာမှာ ဒီပြက္ခဒိန်လေးတွေ ရောင်းချဖြန့်ချိနေပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးကြိုးပမ်းမှု ရန်ပုံငွေရနိုင်ဘို့ ဒီနှစ်၂၀၀-ပြက္ခဒိန်လေးတွေကို အသုံးပြုချင်တယ်ဆိုရင် လိုအပ်တဲ့ ဒီဇိုင်းလုပ်အားဒါနကူညီဖို့အစဉ်သင့်ပါဘဲ။ uphyuwin@yahoo.com ကိုဆက်သွယ်နိုင်ပါတယ်။ နှစ်ပေါင်းရာနဲ့ ထောင်နဲ့ချီပြီး သုံးနိုင်တဲ့ ပြက္ခဒိန်ဒီဇိုင်းတမျိုး ကမ္ဘာ့ပြည်သူတွေကို ပေးအပ်နိုင်အောင် ပြက္ခဒိန်လူ့အခွင့်အရေးကို ပိတ်ပင်ခဲ့တဲ့ သာယာဝတီထောင် အင်းစိန်ထောင်နဲ့ န၀တ, နအဖ တို့ကိုလဲ စပ်စုက ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီဆောင်းပါးက တဆင့် အသိပေးပါရစေ။

ဒီလိုနဲ့ သာယာဝတီထောင် လက်ပါးနဲ့အရူးတိုက်မှာ စာအုပ်တွေဖတ်၊ ကဗျာတွေရေး တီထွင်မှုတွေလုပ်နေတဲ့ စပ်စုတယောက် ထောင်တွင်းဖေါက်ခွဲမှုတခုပြုလုပ်လိုက်ပြန်ပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ အလုပ်မလုပ်ရေး အစာငတ်ခံဆန္ဒပြကြရာမှာ စပ်စုကို ညစာမစားလို့ စာရင်းထည့်ထားပုံရပါတယ်။ ထောင်မှာလုပ်တဲ့ (Strike) မှန်သမျှ ထောင်အာဏာပိုင်တွေက အထက်ကို အစီရင်ခံရလေ့ရှိတော့ ၁၀-ပါးသီလ ဥပုသ်သည် စပ်စုက ရူးလဲရူးမသွား၊ သပိတ်လဲ မလှန်သေးနဲ့ သူတို့အတွက် ကိုးလိုးကန့်လန့်ကြာရှည်ဖြစ်နေပုံရပါတယ်။ “ရောင်ချင်ယောင်ဆူး ရူးချင်ယောင်ဆောင်” လူလည်ကျနေတာဘဲဆိုပြီးမကျေမနပ်ဖြစ်လာကြပါတယ်။ တနေ့မှာ တရားစာအုပ်တအုပ် တိုက်ခန်းတွင်းမှာ လျှို့ဝှက်ဖတ်နေတုံး ထောင်မှူးကြီးက စာအုပ်ကို လာသိမ်းသွားပါတယ်။ ထောင်ဆရာဝန်တွေအပါအ၀င် ပတ်သက်သူမှန်သမျှကိုလဲ ကြိမ်းမောင်းပြီးအရေးယူမယ်လဲ လုပ်လာပါတယ်။ အဲ့ဒီမှာ စပ်စု ဒေါသတွေ ပေါက်ကွဲပြီး ပလတ်စတစ်ဗူးထဲကို ထန်းလျက်ရယ်၊ ဆပ်ပြာရယ်၊ သကြားရယ် အချိုမှုန့်ရယ်ထည့်၊ တစုံတရာလုပ်ပြီး တိုက်နံရံကို ဖေါက်ခွဲလိုက်ပါတယ်။

မကြာခင်မှာဘဲ ၂-ပေ ပတ်လည်အပေါက်ကြီးဖြစ်ပြီး အုတ်ကျိုးအုတ်ပဲ့တွေ၊ ထောင်ဝင်စာ အစားအစာတွေ ပြန့်ကြဲနေတဲ့ စပ်စုအခန်းကို ထောင်ပိုင်ကြီး၊ ထောင်မှူးကြီး၊ ထောင်မှူးတွေနဲ့ ထောင်ဝန်ထမ်းတွေ အပြေးအလွှားရောက်ရှိလာကြပါတယ်။ “ထောင်ဖေါက် ထောင်ပြေး” အရေးပေါ် သံချောင်းခေါက် အချက်ပေးသံကြောင့် လက်နက်ကိုယ်စီနဲ့ ရောက်လာကြတာပါ။ စပ်စုလက်ထဲမှာလဲ ပလတ်စတစ်ဗူး တဘူးနဲ့ သူတို့ရှေ့မှာဘဲ ဗူးထဲကို ထန်းလျှက်ခဲတွေ ဆပ်ပြာခဲတွေ ထည့်ပြ၊ ဗူးကိုလုံအောင်ပိတ်ပြီး အဆက်မပြတ်လှုပ်ပြနေလိုက်ပါတယ်။ “အအေးဖေါက်နည်းနဲ့ ဖေါက်ခွဲတာ၊ ငါက ဖုန်းမော်လို ဓါတုအင်ဂျင်နီယာ ကွ၊ ငါနဲ့အတူ သေချင်တဲ့အကောင် အခန်းတံခါးဖွင့်ပြီးဝင်ခဲ့လေကွာ” လို့ပြောပြီး ခပ်တည်တည်လုပ်နေလိုက်ပါတယ်။ အတော်ကြီးကြာမှ ထောင်ပိုင်ကြီးရှေ့ကိုတိုးလာပြီး “ဖြူဝင်း မင်းဘာမကျေနပ်တာလဲ၊ ဒီမှာ အကုန်လုံး ကျိုးပဲ့ကုန်ပြီ၊ အခန်းအပြင်မှာ အေးအေးဆေးဆေး တို့ညှိနှိုင်းရအောင်ကွာ” လို့ဆိုလာပါတယ်။

စပ်စု စိတ်ထဲမှာ မယုံကြည်ပေမဲ့ မကြာခင် သူတို့ အခန်းတံခါးဖွင့်ပြီး ငါ့ကို အပြတ်ရှင်းတော့မှာဘဲ မထူးပါဘူးဆိုပြီး အခန်းပြင်ထွက်ဘို့ သဘောတူလိုက်ပါတယ်။ လက်ထဲမှာတော့ ပလတ်စတစ်ဗူးကို လှုပ်လျက်ပါဘဲ။ ဆရာစံအခန်း (တောင်သူလယ်သမားအရေးတော်ပုံ ခေါင်းဆောင် ဂဠုန်ဆရာစံ နေခဲ့ရတဲ့အခန်း၊ ဆရာစံပုံတူ ပန်းချီကားကြီးရှိသေးပေမဲ့ ဓါတ်ဆီပီပါပုံးတွေ၊ တိုလီမိုလီ ပစ်္စည်းတွေနဲ့ စတိုခန်းလုပ်ထားသည်။) ကိုလှမ်းမြင်ရတဲ့ နားရောက်တော့ စပ်စုလက်ထဲက ပလတ်စတစ်ဗူး ချော်ပြီး မတော်တဆကျမလို ဖြစ်သွားပါတယ်။ “အမယ်လေးဗျ” လို့ စပ်စု အသံကြောင်ကြောင်နဲ့ ပေါက်ကွဲမှုဖြစ်တော့မလိုလို အော်လိုက်တော့ အနားမှာခြံလိုက်လာတဲ့ ၀န်ထမ်းတွေလဲ လန့်ပြီးပြေးကြပါတယ်။ ရီချင်တဲ့စိတ်ကိုအောင့်ပြီး နံဘေးကို အကဲခတ်လိုက်တော့ မဲ့ပြုံးပြုံးနေတဲ့ ထောင်မှူးကြီး။ ဘီယာဗိုက်ကြီးရှေ့ထွက်လို့။ ဒီဖြစ်ပျက်ပုံတွေကိုခပ်ဝေးဝေးတိုက်ခန်းတွေကနေလေ့လာပြီး စပ်စုကို လက်ပြအားပေးသူတွေကတော့ ရခိုင်ပြည်နယ်က ၈-၄ လုံးခေါင်းဆောင်တွေပါဘဲ။ အဲ့ဒီတုံးက သူတို့လဲတောင်းဆိုချက်တွေနဲ့ အစာငတ်ခံဆန်္ဒပြနေကြပါတယ်။

ဒီလိုနဲ့ ပေ ၂၀-ပတ်လည် အခန်းတခုထဲရောက်၊ ပုံစံထိုင်ဘို့ငြင်းဆိုတဲ့ စပ်စုတယောက်ထဲကို ဖိုင်ဖါဒုတ်တွေနဲ့ ယူနီဖေါင်းဝတ် ၀န်ထမ်း ၂၀-၃၀ က၀ိုင်းရိုက်ကြတော့တာဘဲ။ တယောက်က စပ်စုမျက်မှန်ကို အရင်ချွတ်၊ ကျန်တယောက်က ထန်းလျက်ဗူးကို အရင်လှမ်းလုလိုက်သေးတယ်လို့လဲ သူတို့ပြန်ပြောပြကြပါတယ်။ အလွယ်တကူ အရှုံးပေးလိမ့်မယ် ထင်ထားကြပေမဲ့ စပ်စုက ပြန်ခုခံတာရယ်၊ အခန်းကကျဉ်း လူကများ နေတာရယ်၊ “ခေါင်းကိုမရိုက်နဲ့ ခေါင်းကိုမရိုက်နဲ့” လို့ ထောင်မှူးကြီးက ဟန့်နေတာရယ်ကြောင့် ဒီရိုက်ပွဲဟာ မကြာသင့်ဘဲ ကြာသွားပါတယ်။ နောက်ဆုံး ဖူးယောင်ကွဲပြဲ လဲနေတဲ့ စပ်စုကို စစ်ဖိနပ်တွေနဲ့ တက်နင်း လက်ထိပ်ကို လက်နောက်ပြန် ခတ်ပြီး ဆရာစံ တော်လှန်ရေးတုံးက ကြိုးအပေးခံ ဂဠုန်ခေါင်းဆောင်တွေ နေခဲ့ရဘူးတဲ့ အသုံးမပြုဘဲ ပစ်ထားတဲ့ ဆရာစံအခန်းဘေး ကပ်ရက် အခန်းကိုခေါ်သွားကြပါတယ်။ ဖူးယောင်နေပြီဖြစ်တဲ့မျက်စိက ဆရာစံပုံတူ ပန်းချီကားကြီးကို အနီးကပ်တွေ့လိုက်ရတော့ “တန်တယ်ကွာ” လို့ အသံထွက်ပြောလိုက်ပါသေးတယ်။ ဘာကြောင့်ဆို အဲ့ဒီ ဆရာစံအခန်းကို ဓါတ်ဆီသိုလှောင်ခန်း လုပ်ထားလို့ ဘယ်အကျဉ်းသားမှ အနားကပ်ခွင့် မရလို့ပါဘဲ။ ထောင်ဝင်စာတွေ့တိုင်း အဝေးကသာလှမ်းမြင်ရပြီး အနီးကပ်လေ့လာချင်စိတ်တွေ စပ်စုပေါ်ခဲ့ဘူးလို့ပါ။

ထောင်ဆရာဝန်က ဒဏ်ရာတွေကိုလာစစ်ဆေး၊ မှတ်တမ်းတင်၊ အကိုက်အခဲပျောက်ဆေးနဲ့ အိပ်ဆေးကိုသာထိုးပေးအပြီးမှာတော့ စပ်စု သတိရတချက် မရတချက်ပါ။ နောက်ဆုံးမှတ်မိလိုက်တာတော့ ဖုံလက်လေးသစ်ထူတဲ့ ကြမ်းပြင်ပေါ်မှာ ခြေပစ်လက်ပစ်လဲ ပါးတဖက်ကြမ်းပြင်ပေါ်မှာအပ်ရင်း အသက်တခါရှုသွင်းလိုက်တိုင်း ဖုံတန်းကြီး နှာခေါင်းထဲဝင်သွားတာ၊ ပြန်ရှုထုတ်လိုက်တိုင်း ဖုံတန်းကြီး နှာခေါင်းထဲက ပြန်ထွက်သွားတာကိုပါဘဲ။ ၂၄-နာရီကျော် မေ့မျောအိပ်ပျော်နေရာက နောက်တနေ့ညနေ စပ်စု သတိရနိုးလာချိန်မှာတော့ ထောင်ဆရာဝန်က ဒဏ်ရာတွေ အဖူးအယောင်တွေကို ထပ်ပြီးစစ်ပါတယ်။ ထမင်စားဘို့ ပဲဟင်း ၀က်သားတတုံးနဲ့ ထမင်းတပန်းကန် ထိုးပေးပေမဲ့ စပ်စုငြင်းလိုက်တော့ သူတို့အံ့သြသွားကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မချင်း၊ ကိုယ်တိုင် မလွတ်မချင်း ၁၀-ပါးသီလနဲ့ ဥပုသ်စေါင့်မယ်ဆိုတဲ့ “ဥပုသ် Strike” ကို စပ်စု မလှန်သေးပါဘူး။ သတိရဆဲပါ။ ဒီလိုအချိန်မှာ သေအောင်ရိုက်ပြီးမှ ၀က်သားတတုံးနဲ့ လူတယောက်ရဲ့ ခံယူချက်ကို ပြောင်းခိုင်းဘို့ ကြိုးစားတာ အံ့သြစရာပါဘဲ။

အဲ့ဒီညနေမှာဘဲ ပေ ၄၀-ပတ်လည်အခန်းကျယ်ကြီးတခုထဲ ပြောင်းထားပါတယ်။ ထောင်ကျ ရဲမှူးတဦး၊ ရဲတပ်သားတဦး နဲ့ စပ်စု၊ ပေါင်း၃- ဦးထဲနေရပါတယ်။ အင်္ဂလိပ်ခေတ် ထောင်ကျအရာရှိကြီးတွေနဲ့ ပုဒ်မ၅-A Class တွေထားတဲ့ အခန်းလို့ သိရပါတယ်။ ကျောက်ပြားနီနီတွေနဲ့ မီးဖိုခန်း၊ အိမ်သာ၊ ရေချိုးခန်းတွေပါ ပါတဲ့အခန်းပါ။ စပ်စုကိုခြေချဉ်းခတ်၊ ဒေါက်ခတ်၊ ထောင်ဝင်စာပိတ်ထားပြီး နောက်မှုထပ်တိုးမယ်လို့ သိရပါတယ်။

နောက် ၁၀-ရက်လောက်ကြာတော့ ထောင်ဝင်စာလာတွေ့တဲ့ စပ်စုရဲ့ ပါရမီဖြည့်ဖက် ““ခင်ကန့်လန့်”” ( စပ်စုရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေမှာရော၊ အာဏာပိုင်တွေရဲ့ အချိုးမကျမှုတွေမှာပါ ဇိုးဇိုးဇတ်ဇတ် ထစ်ကနဲဆို ဗြစ်ကနဲ ကန့်လန့်လုပ်တတ်၊ ရန်တွေ့တတ်တဲ့ ပိုးကရင် ရာနှုန်းပြည့် မြစ်ဝကျွန်းပေါ် သူပါ။) သာယာဝတီထောင်ကို ကလေး ၂-ယောက်နဲ့ ရောက်နေပြီဆိုတာ စပ်စုဆီ သတင်းရောက်လာပါတယ်။ တော်တော်ကြီး အချိန်နှောင်းတော့ ထောင်မှူးတယောက်လာခေါ်တာနဲ့ ထောင်ပိုင်ကြီးအခန်းကို လိုက်သွားရပါတယ်။ လိမ်လိမ်မာမာနေ ထောင်ဝင်စာတွေ့ခွင့်ပေးမယ် ဆိုပြီး မိုးချုပ်တန်းပိတ်ခါနီးမှာ ထောင်ဝင်စာတွေ့ခွင့်ရပါတယ်။ ထောင်ကလွတ်လို့ အဲ့ဒီကိစ္စ ပြန်ပြောကြတော့ စပ်စုဇနီးသည် ခင်ကန့်လန့် က “စပ်စုသေပြီ၊ ရူးပြီးဆိုလို့ ထောင်ပိုင်ကြီးဆီ တက်တွေ့ကြောင်း၊ မသေသေးဘူးဆိုရင် သေချာသွားအောင် အနည်းဆုံး အပေါက်သေးသေးတပေါက်ကနေ ချောင်းကြည့်ခွင့်ပြုဘို့တောင်းဆိုကြောင်း၊ စပ်စုမှာ အပြစ်ရှိလို့ ထောင်ဝင်စာတွေ့ခွင့်မပေးဘူးဆိုပေမဲ့ သူနဲ့ကလေး၂-ယောက်မှာ အပြစ်မရှိလို့၊ ထောင်ကကြိုတင် အကြောင်းမကြားလို့ တွေ့ခွင့်မရရင် မပြန်နိုင်ဘူးဆိုပြီး ဆန္ဒပြနေခဲ့ကြောင်း၊ နို့စို့သမီးငယ်ကို နို့လှန်တိုက်ရင်း ကန့်လန့်လုပ်တောင်းဆိုနေလို့ နောက်ဆုံးတန်းပိတ်ခါနီးမှ ထောင်ပိုင်ကြီးက ကိုဖြူဝင်းကို ဖြောင်းဖြပေးရင် တွေ့ခွင့်ပြုမယ် ဆိုတာနဲ့ ထူးထူးခြားခြားထောင်ဝင်စာ တွေ့ခွင့်ရခဲ့တာဖြစ်ကြောင်း” ရှင်းပြပါတယ်။

ဒီလိုနဲ့စပ်စု လက်ပါးနဲ့အရူးတိုက် အခန်းနံပါတ် ၂-ကိုပြန်ရောက်။ နဂိုလ်လိုဘဲ ခြေကျဉ်းတန်းလန်း၊ ဒေါက်တန်းလန်း၊ လနဲ့ချီ ရေချိုးမချလို့ တကိုယ်လုံး ညစ်ပတ်နံစော်၊ ဆံပင်တွေဂုတ်ဝဲ၊ ခေါင်းသန်း ကိုယ်သန်းတွေနဲ့ နူလုလု ရူးလုလု စိတ်ကြမ်းတွေဝင်တဲ့အခါဝင်နဲ့ စိတ္တဇနေ့နဲ့ညများကို ကျော်ဖြတ်နေရတဲ့ အချိန် တနေ့မှာ ရန်ကုန်စိတ္တဇဆေးရုံ(စိတ်ရောဂါကုဆေးရုံ)က ပါရဂူကြီး ၂-ယောက် သာယာဝတီထောင်ကို ရောက်လာပြီဆိုတာသိရပါတယ်။ စပ်စုတကယ်ရူး မရူး စစ်ဘို့လာကြတာလို့လဲ ပြောကြပါတယ်။

နံနက် ၁၁နာရီခွဲလောက်မှာ စိတ်္တဇဆေးရုံ ပါရဂူကြီး ၂-ယောက်နဲ့ အစစ်ဆေးခံဘို့ဆိုပြီး စပ်စုကို ခေါ်ထုတ်သွားကြပါတယ်။ ရေချိုးကန် တကန်နားရောက်တော့ အ၀တ်လျော်ဆပ်ပြာအညံ့စားတတုံးပေးပြီး ရေချိုးခိုင်းပါတယ်။ အ၀တ်လျော်ဆပ်ပြာတုံးကို လွှတ်ပစ်လိုက်ပြီး (ထောင်ထဲမှာ မကောင်းတဲ့ဆပ်ပြာတွေကြောင့် ယားနာပေါက်ပြီး ကထဲက ၂၀၀၉ခု အခုထိ အိမ်သာတက်ပြီးမှတပါး မည်သည့်ဆပ်ပြာမှ အသုံးမပြုတော့ပါ။ ရေချိုးရင်ဆပ်ပြာ မတိုက်တော့ပါ။ ထောင်ထဲကနည်းအတိုင်း အခုချိန်အထိ ရေနဲ့သာချေးတွန်းပါတယ်။ တော်တော်ကြောင်တဲ့ ဓါတုအင်ဂျင်နီယာ လို့ ၀န်ခံပါတယ်။ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မည်သည့်အကျဉ်းသားမဆို ရေချိုးရင် ပန်းကန်ပြားနဲ့မဟုတ်ဘဲ ရေချိုးခွက်နဲ့ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ ကိုယ်တိုက်ဆပ်ပြာနဲ့ ရေချိုးခွင့်မရှိသရွေ့ ဒီလိုဘဲ ရေချိုးရင် ဆပ်ပြာမသုံးဘို့ ဆုံးဖြတ်ထားပါတယ်။) ရေလဲပုဆိုးမပါလို့ အခက်တွေ့နေတုံးမှာ အဝေးကနေ ပြန့်လွင့်လာတဲ့ သီချင်းသံကြားရပါတယ်။ နားဆိုက်ထောင်လိုက်တော့ ချိုပြုံးရဲ့ “ဝေးတမြေခြားသူ” သီချင်းပါ။ ဒီသီချင်းအပါအ၀င် သီချင်းတွေကို သာယာဝတီထောင်နားဝန်းကျင်က သင်္ကြန်းနားနီးချိန်ကစပြီး မိုးဖြိုင်ဖြိုင်ကျတဲ့အထိ ထောင်ဘက်ကို လော်စပီကာ အော်လံတွေလှည့်ပြီး ထောင်ထဲကကြားနိုင်အောင် ခဏခဏ ဖွင့်ပေးလွှင့်ပေးလေ့ရှိပါတယ်။

စပ်စုတို့ လက်ပါးနဲ့အရူးတိုက်သားတွေ ဆိုဆိုနေကြတာသာကြားဘူးပေမဲ့ စပ်စုကတော့ တိုက်ပိတ် အပြင်ထွက်ရခဲလို့ လော်စပီကာကလာတဲ့အသံကို တိုက်ရိုက် သဲသဲကွဲကွဲ တခါမှ မကြားဘူးပါ။ အခုရေချိုးခါနီး ဝေးပေမဲ့ သဲသဲကွဲကွဲကြားရတော့ စပ်စုစိတ်တွေ မင်တက်မိသွားရပါပြီ။ ရေချိုးပန်းကန်ပြား(ထမင်းစာတဲ့ဒန်ပန်းကန်ပြား) ကိုကိုင်ပြီး သီချင်းကိုဘဲ နားစိုက်ထောင်နေမိပါတယ်။ “နောင်လဲတွေ့နိုင်ပါသလေ ပိတောက်တွေရွှေရည်လူး ဖူးပွင့်ရာမြေ ကြည်နူးရည်စူး မိပါသလေ--ဝေးတမြေခြားသူ မောင်ရေ-” သီချင်းတကျော့ဆုံးသွားလို့ တီးလုံးလာနေချိန်မှာ ၀တ်ထားတဲ့ပုဆိုးဝတ်လျက်နဲ့ဘဲ ပန်းကန်ပြားနဲ့ရေကိုလှမ်းခပ်ပြီး ၃, ၄-ခွက်ချိုးလိုက်ပါတယ်။ စိတ်အစဉ်တခုလုံးကတော့ အဲ့ဒီသီချင်းဆီမှာပါဘဲ။ “နောင်လဲတွေ့နိုင်ပါသလေ ပိတောက်တွေရွှေရည်လူး ဖူးပွင့်ရာမြေ”။ မိသားစု၊ ဆရာ,မိဘ, မိတ်ဆွေတွေနဲ့ပြန်ဆုံတွေ့နိုင်ဘို့ အရေးကြီးကြောင်း ဝေးတမြေခြားသူ သီချင်းက စပ်စုကို ဖြောင့်ဖြလိုက်ပါပြီ။

စိတ်ရောကိုယ်ပါ နူးညံ့ပျော့ပြောင်းစ ပြုနေပြီဖြစ်တဲ့ စပ်စု၊ စိတ်ရောဂါကု ပါရဂူကြီး ၂-ယောက်နဲ့ထောင်မှူးကြီးရှေ့ အဆင်သင့်ပြင်ထားတဲ့ ကုလားထိုင်မှာ ၀င်ထိုင်ရပါတယ်။ အားလုံးက စပ်စုကို ပြုံးပြုံးရွှင်ရွှင် ယဉ်ယဉ်ကျေးကျေးဘဲ နှုတ်ဆက်ကြပါတယ်။ စပ်စုရှေ့ စားပွဲပေါ်မှာတော့ မုံ့မျိုးစုံ ၄,၅-ပန်းကန်တွေ့ရပြီး ရှေ့တည့်တည့်မှာလဲ လဘက်ရည်အချိုအပြည့်တခွက် ချထားပေးပါတယ်။ သူတို့ ၃-ယောက်လုံးလဲ မုံ့တွေ ပလုတ်ပလောင်းစားပြီး လဘက်ရည်သောက် ပြုံးရွှင်ရီမောနေကြပါတယ်။ ပါရဂူကြီးတယောက်က “ကဲကဲ ကိုဖြူဝင်း လဘက်ရည်သောက်လိုက်ပါဦး၊ မုံ့လဲကြိုက်တာစားပါ။ ကိုဖြူဝင်းကို ကျွန်တော်တို့ကူညီဘို့လာတာပါ” လို့ပြောပြီး၊ လဘက်ရည်ပန်းကန်လုံးကို စပ်စုရှေ့ထပ်တိုးပေးပါတယ်။ နောက်တယောက်ကလဲ မုံ့ပန်းကန်တွေ ရှေ့ထပ်တိုးပေးပါတယ်။ စပ်စုလေ့လာကြည့်လိုက်တော့ လဘက်ရည်က ချိုကျအရောင် ပစ်ပစ်နှစ်နှစ် အနေအထား၊ မုံ့တွေကလဲ ပလိန်းကိတ်မွှေးမွှေး အပါအ၀င် ရန်ကုန်မုံ့တွေဆိုတာ သိလိုက်ပါတယ်။ ထောင်ထဲမှာ တွေ့ရခဲတဲ့ မတွေ့နိုင်တဲ့ အစားအသောက်အနံ့အသက် အခင်းအကျင်းတွေပါ။ စပ်စုလဲ အပီဝါးလိုက်မှဘဲဆိုပြီး လဘက်ရည်ခွက်ကို ကိုင်းကကိုင် ကိုယ့်ရှေ့နားထပ်တိုး၊ ကိတ်မုံ့တုံးသေးသေးတခုကိုကောက်ကိုင်ပြီး ပါးစပ်ထဲထည့်မယ်အလုပ်မှာ “ဟာ ကျွန်တော် ဥပုသ်အမြဲစေါင့်တယ်၊ ၁၂နာရီကျော်ပြီ” ဆိုပြီး ကိတ်မုံ့တုံးကို အတင်းပြန်ပစ်ချပြီး ပြောလိုက်ပါတယ်။ လဘက်ရည်ခွက်နဲ့ မုံ့ပန်းကန်လဲ သူတို့ဖက်အတင်း ပြန်တိုးပေးလိုက်ပါတယ်။

ထောင်မှူးကြီး မျက်နှာသိသိသာသာပျက်သွားပြီး၊ ပါရဂူကြီး ၂-ယောက်ကတော့ ပြုံးပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ကြည့်နေကြပါတယ်။ စပ်စုစိတ်ထဲမှာ “ငါ့ကိုဥပုသ်လာချိုးကြတာကိုး” လို့သိလိုက်ပါတယ်။ သူတို့မေးတာတွေကို စပ်စုလဲ ယဉ်ယဉ်ကျေးကျေး ချိုချိုသာသာဘဲ ပြန်ဖြေပါတယ်။ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးမေးတော့ “အရိုက်ခံရပြီးနောက်ပိုင်းမှာ မကြာခဏဘဲ အကြမ်းဖက်ချင်တဲ့အကြောင်း၊ ခြေတွေ လက်တွေဖြတ် ဆန်္ဒပြချင်တဲ့အကြောင်း၊” အမှန်အတိုင်းပြန်ဖြေလိုက်ပါတယ်။ ဥပမာပေးပါ ဆိုတော့“ထောင်မှူးကြီးရဲ့ ဗိုက်ဆူဆူကို ၃-လက်မအရှည် သွပ်ကြိုးတဖက်ချွန်လေးနဲ့ ကျွိခနဲနေအောင် ထိုးချင်စိတ်ဖြစ်ဘူး” ကြောင်း၊ လက်ဟန်ပါပြပြီး ပြန်ဖြေလိုက်ပါတယ်။ ဘာဖြစ်လို့ဒီလိုတွေ ဖြစ်ရတာလဲလို့မေးတော့ “စာမဖတ်ရလို့ပါ” လို့စပ်စုပြန်ဖြေလိုက်ပါတယ်။

ခဏအကြာ သူတို့ ၃-ယောက် တီးတိုးတိုင်ပင်အပြီးမှာတော့ “ကိုဖြူဝင်းမှာ စိတ်ရောဂါမရှိပါဘူး၊ ဒါကြောင့် ကုသပေးဘို့ မလိုပါဘူး၊ စိတ်ဝေဒနာတော့ တခါတခါခံစားမှုပြင်းပုံရပါတယ်။ ဒါကြောင့် ထောင်ဖေါက်တာလို့မှတ်ချက်ပေးလိုက်မယ်၊ ဒါဆိုထောင်ဖေါက်မှုအတွက် ကိုဖြူဝင်းကို နောက်မှုစွဲစရာမလိုဘူး၊ သဘောတူသလား” ဆိုတော့၊ ပုထုဇဉ်နော ဥမ်္မတကော နဲ့ အရူး ၁၂-ယောက်,ဥမ္မတ်္တက သုတ္တံ အရ သဘောတူတယ်လို့ စပ်စုပြန်ဖြေလိုက်ပါတယ်။ “ကိုဖြူဝင်း စိတ်ဝေဒနာပြင်းထန်လာရင် အလွယ်တကူ ကုသနိုင်အောင် အင်းစိန်ထောင် ပြန်ပြောင်းရမယ်၊ ပြောင်းချင်လား”ဆိုတော့ “မိသားစုသွားလာရ အဆင်ပြေတာပေါ့” လို့ တုံ့ပြန်လိုက်ပါတယ်။

ထောင်အာဏာပိုင်များအနေနဲ့ရော န၀တ အနေနဲ့ပါ နိုင်ငံရေးအကျဉ်းသားစပ်စု အပေါ် ““ရူးအောင်အကွက်ချလုပ်လိုက်တယ်””လို့လဲ ၀န်မခံလို၊ မသိစေလို၊ ကုသမပေးလိုကြဘဲ၊ စာမဖတ်ရလို့ ထန်းလျက်ဗူးနဲ့ ထောင်ဖေါက်တာခံလိုက်ရတယ်လို့လဲ သိက်္ခာမကျလိုဟန် ရှိခဲ့ပါတယ်။ ဒီလိုနဲ့ အစေါင့်အကြပ်တွေနဲ့ သာယာဝတီထောင်ကနေ ရထားနဲ့ အင်းစိန်ထောင်ပြန်ပို့ကြပါတယ်။ ရထားပေါ်မှာတော့ “ထောင်စည်းကမ်း၊ လူ့စည်းကမ်း၊ ဘာသာရေးစည်းကမ်း၊ ၀ိနည်းစည်းကမ်းတွေ အနက် ကျုပ်ကတော့ ၀ိနည်းစည်းကမ်းကို အလေးစားဆုံး၊ လူ့စည်းကမ်းနဲ့ ဘာသာရေးစည်းကမ်းတွေကိုဘဲ လိုက်နာနိုင်မယ် ဆိုပြီး “ထောင်ထဲမှာနေ ထောင်စည်းကမ်း၊ စည်းကမ်းတကျနေ” လို့ အမြဲပြောတတ်တဲ့ ထောင်ဝန်ထမ်းတွေကို ပြန်ပက်ခဲ့ပုံတွေ စိတ်အစဉ်မှာ အစီအရီပြန်ပေါ်ရင်း ရထားနဲ့အတူ ဘယ်ယိမ်းညာနွဲ့ ခြေကျဉ်းသံတချွင်ချွင်နဲ့ စပ်စုပျော်နေမိပါတယ်။ “ငါတို့သာယာဝတီထောင်တော့ ပေါ်တင်ကြီးထောင်ဖေါက်ခံရတော့ သိက္ခာကျ ပါပြီကွာ၊ မင်းကို အဲ့ဒီတုံးက တခါထဲ ရိုက်သတ်လိုက်ရရင်ကောင်းမှာဘဲ ဆိုတဲ့ စပ်စုသူတို့ကို ဘုကြည့်ကြည့်မိရင် သူတို့ကိုတွေ့ရာနဲ့ ပြန်ရိုက်မှာစိုးလို့ အဝေးကဘဲလှမ်းပြောတတ်တဲ့ ၀န်ထမ်းငယ်တွေကိုလဲ ပြန်လည်ကြားယောင် မြင်ယောင်စာနာနေမိခဲ့ပါတယ်။ “မင်းတို့ဟာ တရားဝင်အစိုးရရဲ့ တရားဝင်ဝန်ထမ်းတွေမဟုတ်ဘူး” ဆိုတဲ့ စပ်စုရဲ့စကားကိုတော့ ဒုထောင်ပိုင်(ထောင်ပိုင်လေး) တိရစ္ဆာန်ဆေးကုဆရာဝန်၊ ထောင်မှူးကြီး နဲ့ ထောင်မှူးတွေ အတော်နာကျည်းကြမှာဘဲလို့ စပ်စုစိတ်မကောင်းဖြစ်မိရပါတယ်။

စပ်စုဘယ်သူ့ကိုယ်မှ ဖွင့်မပြောရဲဘဲ သာယာဝတီထောင်မှာ အားလုံးကို ပဟေဠိထားခဲ့တဲ့ တိုက်ခန်းနံရံ ၂-ပေပတ်လည်ပေါက်သွားတဲ့ ထန်းလျက်၊သကြား၊ အချိုမှုန့်၊ဆပ်ပြာတို့နဲ့ အသံမမြည် ယမ်းနံ့မထွက် အအေးဖေါက်ခွဲနည်းကတော့ ဒီလိုပါ။ သာယာဝတီထောင် လက်ပါးနဲ့အရူးတိုက် အခန်းနံပါတ် ၂-မှာ စပ်စုမနေခင် အသက် ၆၀-ကျော် သူ့ကိုယ်သူ ဗကပ လက်ဟောင်းကြီးလို့ပြောတဲ့ ဦးဆေးခြောက် နေခဲ့ပါတယ်။ ဦးဆေးခြောက် ဟာ ဆေးခြောက်စွဲနေပြီး အဲ့ဒီ အခန်းနံပါတ် ၂-နံရံမှာ ရှေးက ဗကပတွေ ထောင်ဖေါက်ဘို့၊ လက်နက်နဲ့ အရေးကြီးတာတွေဖွက်ဘို့ နံရံကအုတ်တွေကိုထုတ်၊ အင်္ဂတေပြန်ကိုင်အသေအချာလုပ်ထားတဲ့ အံဝှက်ကြီးတခုတွေ့ရှိထားသူပါ။ သူက အဲ့ဒီ အံဝှက်ထဲမှာ ဆေးခြောက်တွေ ၀ှက်ထားပါတယ်။ စပ်စုနဲ့မထင်မှတ်ဘဲ အခန်းချင်းလဲရွှေ့ပေးလိုက်ရတော့ ဦးဆေးခြောက်အခက်တွေ့သွားပါတယ်။ နောက်ဆုံးမတော့ စပ်စုကိုဖွင့်ပြောလို့ သူ့ဆေးခြောက်တွေပြန်ပေးလိုက်အပြီးမှာ ဒီအခန်းထဲမှာ အံဝှက်ကြီးတခုရှိတာကိုတော့ စပ်စုအသေအချာသိရပြီပေါ့။ စပ်စုဖတ်နေတဲ့တရားစာအုပ်ကိုသိမ်းဆည်း၊ စာအုပ်ပေးသူဝန်ထမ်းတွေကို၊ သိရှိသူအခန်းနားချင်းတွေကို အရေးယူမယ်လုပ်လို့ ဒေါသပေါက်ကွဲပြီး အဲ့ဒီအံဝှက်ကြီးကိုဆွဲထုတ်၊ ကြမ်းပြင်ပေါ်ကိုပစ်ပေါက်ခွဲလိုက်တာပါ။ နောက်မှ ၀န်ထမ်းတွေ၊ ဦးဆေးခြောက်နဲ့ တတိုက်ထဲအတူနေတွေကို အမှုမပတ်အောင်နဲ့ အာဏာပိုင်တွေဖြစ်စေချင်တဲ့ “၅-ည တယောက်တော့ သာယာဝတီထောင်ကပုံစံပေးလိုက်တာရူးသွားပြီ” ဆိုတာဖြစ်စေဘို့ စပ်စု အလိုက်သင့်သရုပ်ဆောင်ခဲ့တာပါ။

အင်းစိန်ထောင်ကို ဆံပင်ဂုတ်ဝဲ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး ထူထူ ဟစ်ပီပုံစံနဲ့ စပ်စုပြန်ရောက်ရပြန်ပါပြီ။ သာယာဝတီထောင်က စပ်စုအပေါ်ဥပေက္ခာပြုစွာ ဆံပင်လေးတောင်ညှပ်မပေးလိုက်လို့ပါ။ “ရှင့်ကိုဘယ်လိုမှ ဖျောင်းဖျဆုံးမလို့မရဘူးလို့ ထောင်မှူးကြီးကပြောတယ်၊ အင်းစိန်မှာ ဒီအချိုးမျိုးဆိုမလွယ်ဘူး လို့လဲ ပြောတယ်။ သူက တခွန်းပြောရင် ရှင်က ၃,၄ခွန်းပြန်ပက်တော့တာဘဲတဲ့။ သာယာဝတီထောင်ကတော့ဆလန်ဘဲတဲ့၊ နောင်ဘယ်တော့မှပြန်မလာနဲ့တဲ့၊ ရှင်အင်းစိန်မှာတော့ လိမ်မာမှ ထောင်ကလွတ်မှာနော်” စပ်စုရဲ့ဇနီးသည် သာယာဝတီထောင် နောက်ဆုံးထောင်ဝင်စာမှာ ပြောခဲ့တာတွေပြန်ကြားယောင်ရင်း “ငါ လိမ်လိမ်မာမာနေမှာပါ အင်းစိန်ရယ်” လို့ စပ်စုစိတ်ထဲက ပြောလိုက်မိပါတယ်။

နောင် အင်းစိန်ထောင်ရဲ့ ၄-ဆောင် ၃-ဆောင် စတဲ့အဆောင်တွေ၊ ထောင်ဆေးရုံ ၅ညခန်း၊ တွဲဖက်(သီးသန့်ထောင်)တွေမှာ ပတ္တနိကုစ္စန ဆရာတော်ကြီးတွေ၊ အန်ကယ်ဦးတင်ဦး အန်ကယ်ဦးကြည်မောင် ဦးသာဗန်း၊ ဦး RP သောင်း စတဲ့ အန်ကယ်ကြီးတွေ၊ မင်းကိုနိုင်၊ ဌေးကြွယ် စတဲ့ ၈-လေးလုံး ခေါင်းဆောင်တွေ၊ အောင်ထွန်း၊ အောင်ဒင်၊ ဘုန်းမြင့်ထွန်း စတဲ့ ဗကသတွေ၊ ၈,၉,၁၀ အကသ ကျောင်းသားငယ်တွေ၊ KIA, ၀တပ်ဖွဲ့စတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ရာဇ၀တ်အကျဉ်းသားတွေနဲ့ တပြုံတထောကြီး ထောင်တွင်းတက်္ကသိုလ်ဖွဲ့ စာပေသင်ကြားမှု၊ အင်းစိန်ထောင် ၆-နိုင်ငံဗုံးကြဲရန်ကြံစည်မှု၊ ထောင်မြေပုံများရေးဆွဲမှု၊ မိလ္လာကြီး ဘုတ်ကိုင် ဇွတ်ခန့်ခံရမှု၊ မိလ္လာမချလောက်တက်,လောက်ကိုက်အပါအ၀င် ထောင်တွင်းညှင်းပမ်းနှိပ်စက်မှုများကာကွယ် ပ,ပျောက်ရေးအမြင်ဖလှယ် ကြိုးပမ်းမှု၊ နိုင်ငံရေးအကျဉ်းသားတွေ ခြေဖြတ်လက်ဖြတ်ဆန္ဒပြမှု၊ စတာတွေမှာ စပ်စုပါဝင်ပတ်သက် သရုပ်ဆောင်ရဦးမယ်ဆိုတာ အဲ့ဒီတုံးက လိမ်မာချင်တဲ့ စပ်စု တကယ်မသိခဲ့ပါ။

ဒီအကြောင်းတွေကိုတော့ နောင်အလျဉ်းသင့်မှ ဆက်လက်ရေးသားပါမယ်။ အခုရေးသားခဲ့တဲ့ “သာယာဝတီထောင် လက်ပါးနဲ့အရူးတိုက်” ဆောင်းပါးဟာ အမှန်ဖြစ်ခဲ့တာကို အမှန်အတိုင်း တင်ပြခြင်းသာဖြစ်ပါတယ်။ အချိန်ကာလအားဖြင့် ၁၄-၁၅နှစ်ကြာခဲ့ပြီဖြစ်လို့ ရှေ့နောက်ဖြစ်စဉ်လွဲတာနဲ့ အမှတ်မှားတာများလဲ အနည်းအကျဉ်းရှိနိုင်ပါတယ်။ ဘယ်သူမှ ဒီလိုမကြုံကြပါစေနဲ့လို့ဆုတောင်းရင်း နောင် ကြုံတွေ့ကြရဦးမဲ့ လူ့အခွင့်ရေးကန့်သတ်ချိုးဖေါက်မှု တွေနဲ့ လူ့အခွင့်ရေး ကာကွယ်ရယူမှု တွေမှာ အားလုံး သင်္ခန်းစာယူနိုင်ကြဘို့ စပ်စု ရိုးရိုးသားသား မှတ်တမ်းတင် ရေးသားခြင်းသာဖြစ်ပါတယ်။ အာလုံးအပေါ် စပ်စုမှားခဲ့တာတွေကို အနူးအညွတ် ၀န်ချတောင်းပန်ပါကြောင်းနဲ့ စပ်စုအပေါ် မှားခဲ့ကြသည်များကိုလည်း လေးလေးနက်နက် လုံးဝခွင့်လွှတ်ပါကြောင်း အသိပေးရင်း နိဂုံးချုပ်ပါတယ်။ ။


◙ ကိုယ်နှုတ်ယဉ်ကျေး၊ စိတ်ဖြူဖွေး၊ အေးငြိမ်းချမ်းသာ ရပါစေ ◙

လန်ထောင်စပ်စုလေး(၂၇-၆-၂၀၀၆)

1 comments:

Notes on Web of My Pieces said...

ဆိုးဝါးလွန်းလှတဲ့ အတွေ့အကြုံအတွက် ကြံဖန်ပြီး ကျေးဇူးတင်မိပါတယ်။ နှောင်း လူငယ်တွေကို “တို့တုန်းက ဒါမျိုး ကြုံခဲ့တာ” ဆိုတာ ပြန်ပြောင်း ပြောပြတဲ့ အတွက်ပေါ့ဗျာ.။ လေးစားမိပါတယ်..။

Post a Comment